ယမန်နေ့နံနက်ပိုင်းက ရေးမြို့နယ် ကုလားကုတ်ကျွန်း တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကူလာပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော အိမ်စီးကား (၃) စီးကို ကော့ဒွတ်ကူးတို့ဆိပ်၌ ရပ်နားထားရှိစဥ် မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများမှ သတင်းရရှိသည်။
မော့ကနင်အခြေစိုက် ခလရ (၁၀၆) နှင့် ခမရ (၅၈၈) မှ ထုတ်နုတ်စစ်သားအင်အား (၁၅) ဦးခန့်တို့ လိုက်ပါလာသော အဆိုပါအိမ်စီးကား (၃) စီးကို ကော့ဒွတ်ကျေးရွာ ကူးတို့ဆိပ်တွင် ချန်ရစ်ထားရှိခဲ့ပြီးနောက် ကုလားကုတ်ကျွန်းဘက်သို့ ပဲ့ချိတ်စက်လှေတစ်စီးဖြင့် ယမန်နေ့နံနက်စောစောပိုင်းက ထွက်ခွာသွားခဲ့ပြီးနောက် လက်သည်မပေါ်ဘဲ မော်တော်ကားများ မီးရှို့ခံလိုက်ရခြင်း ဖြစ်သည်။
“ဘယ်သူ့လက်ချက်မှန်းတော့ မသိပါဘူး နေပူထဲမှာ ရပ်ထားတဲ့ကား ၃ စီးက နေအပူရှိန်ကြောင့် မီးထလောင် သလိုလိုနဲ့ ၃ စီးလုံး မီးလောင်ကုန်တယ်၊ PDF တွေက မော့ကနင်၊ လမိုင်း၊ ကော့ဒွတ်၊ နှစ်ကရင်နဲ့ ကုလားကုတ် ကျွန်းဘက်မှာ နေရာအနှံ့မှာ ပျံ့ကျဲနေပါပြီ၊ ကားမီးရှို့တာ PDF လက်ချက်လည်း ဖြစ်နိုင်တယ် ဒါပေမယ့် မျက်မြင်တွေ့တာမရှိလို့ အဲလိုအတိအကျ ပြောလို့မရသေးပါဘူး” ဟု ကူးတို့ဆိပ်ရွာခံတစ်ဦးက ပြောသည်။
သို့ရာတွင် ကုလားကုတ်ကျွန်းပေါ်မှ စက်လှေများဖြင့် PDF တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားပြီး နှစ်ကရင်ကျေးရွာ အနောက်ဘက်ကမ်းခြေသို့ စစ်ကောင်စီ၏ရေတပ်စစ်ဘေႅာက အမြှောက်ဖြင့် ရမ်းသမ်းပစ်ခတ်သည့်အပြင် လေကြောင်းမှ ဗုံးကြဲပြီး စက်သေနတ်ဖြင့်လည်း လိုက်လံပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါ စစ်ကောင်စီ၏ ရေကြောင်း၊ လေကြောင်း နှစ်ဖက်ညှပ်၍ ပစ်ခတ်မှုကြောင့် နှစ်ကရင်ကျေးရွာအုပ်စု သပြေရွာသစ်ကမ်းခြေနှင့် နှစ်ကရင်ကားဆိပ်(ကျိုက်ဟလိုင်) ကမ်းခြေနေရာရှိ ခြံအဆောက်အဦနေရာအချို့တွင် မီးလောင်မှုများဖြစ်ပေါ်ခဲ့သော်လည်း လူအသေအပျောက် ထိခိုက်မှုစာရင်း မသိရသေးပေ။