ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းရှိ စစ်ကောင်စီ စစ်ကောင်စီအမြှောက်တပ်အား ယမန်နေ့ မေလ (၂) ရက် ညပိုင်းက တော်လှန်ရေးတပ်ဖွဲ့ PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မေလ (၂) ရက် ည (၉) နာရီအချိန်ခန့်က စတင်ဖြစ်ပွားခဲ့ပြီး ယနေ့နံနက်အစောပိုင်းအချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီတပ်မှ ရေတပ်နှင့် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ကုလားကုတ်ကျွန်း အောက်ဆိပ်နဲ့အလယ်ဆိပ်ကြားမှာ စစ်ကောင်စီရဲ့ ပင်လယ်ရေးကြောင်းကာကွယ်ရေး အမြှောက်တပ်စခန်းရှိတယ်။ အဲ့ဒါကို တော်လှန်ရေးတပ်ဖွဲက ဘယ်ကနေ ဘယ်လိုရောက်လာလဲတော့ မသိဘူး။ မနေ့(မေလ (၂) ရက်) ညပိုင်းကတည်းက ပစ်ခတ်နေကြတာ ဒီနေ့ (မေလ (၃) ရက်) မနက် (၄) နာရီအချိန်လောက်အထိကို ပစ်ခတ်နေကြတာ။ စစ်ကောင်စီတပ်က ရေတပ်စစ်သင်္ဘောနဲ့ရော၊ လေကြောင်းကနေပါ ပစ်ခတ်ခဲ့ပါတယ်” ဟု ၎င်းဒေသခံ ဆက်လက်ပြောကြားသည်။
ထို ကုလားကုတ်ကျွန်း အောက်ဆိပ်ရွာရှိ ကို စစ်ကောင်စီ ရေတပ်က လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်နေသည့်အပြင် လေယာဉ်ဖြင့်လည်း ပစ်ခတ်နေသည့်အတွက် ဒေသခံများ နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် တောင်ပေါ်တွင် တိမ်းရှောင်နေကြရသည်။
လက်ရှိတွင် ကုလားကုတ်ကျွန်းကို စစ်ကောင်စီ မောရဝတီရေတပ်က ဝိုင်းထားပြီး အောက်ဆိပ်ဘက်နှင့် ပင်လယ်အတွင်း သွားလာနေသည့် လှေမှန်သမျှကို ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“မနက် (၅) နာရီဝန်းကျင်လောက်မှာတော့ တော်လှန်ရေးတပ်ဘက်က ဆုတ်သွားတော့ နှစ်ဖက်ပစ်ခတ်တာတော့ မရှိတော့ဘူး။ ရေတပ်က သင်္ဘော ၄ ဆင်းနဲ့ စောင့်နေတယ်။ ကော့ဒွတ်ဘက်ကနေလည်း စစ်သားတွေ လှေနှစ်စီးနဲ့ ထပ်ဆင်းလာပြီးတော့ ပစ်နေတယ်။ ခုထိပါပဲ ပင်လယ်မှာ တွေ့တဲ့ ဘယ်လှေကိုမဆို ရမ်းသမ်းပြီး ပစ်နေတာ” ဟု ၎င်းဒေသခံတစ်ဦးက ပြောကြားသည်။
ကုလားဂုတ်ကျွန်းပေါ်မှ စစ်ကောင်စီနှင့် ပတ်သက်နေသူတချိုကို PDF တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး သေဆုံးသူအချို့လည်းရှိသည်ဟု သတင်းထွက်ပေါ်လာခဲ့သော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။