စစ်ကောင်စီလက်အောက်ခံ ရေတပ်၏ စစ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်ပျက်ဆီးခဲ့ရသော ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မီးလောင်ပြင်သို့ သွားရောက်ခဲ့သည့် မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရကြောင် ကျိုက်မရောမြို့နယ် ထွေ/အုပ် ဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ မေလ (၂) ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်ခန့်က မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့မှ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာသို့ ရောက်ရှိလာပြီး မီးလောင်ပြင်အား လိုက်လံကြည့်ရှုနေစဉ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ထွေ/အုပ် ဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကတော့ ထိခိုက်မှုမရှိဘူး။ သူတို့ကို လုံခြုံရေးလိုက်ယူပေးတဲ့ စစ်ကောင်စီတပ်သားတချို့တော့ ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုသို့ မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ဒရုန်းနှင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် ဓမ္မသကျေးရွာ နှင့် အနီးဝန်းကျင်အား စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ဓမ္မသကျေးရွာအနီးဝန်းကျင်မှာ PDF တွေရောက်နေကြတယ်ဆိုပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ကိုပစ်တာ။ ညပိုင်းအထိပါရောက်သွားတယ်။ လက်နက်ကြီးပေါက်ကွဲသံတွေကိုလည်း ကော့ဘိန်းဘက်ကနေတောင်ကြားနေရတယ်” ဟု ကော့ဘိန်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။
စစ်ကောင်စီရေတပ်၏ စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အိမ်ခြေ (၃၀၀) ခန့် မီးလောင်ပျက်ဆီးခဲ့ရသည့် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှာ ယခုအခါ တည်ငြိမ်အေးချမ်းနေပြီးသည့်အတွက်ကြောင့် ကျေးရွာသူ/သားများအနေဖြင့် မိမိတို့နေရပ်သို့ ပြန်လည်အခြေချနေထိုင်နိုင်ပြီးဖြစ်ကြောင်း ကျိုက်မရောမြိုနယ် ထွေ/အုပ် ဦးစီးဌာနက ဓမ္မသကျေးရွာတွင် အသိပေးဆိုင်းဘုတ်ထောင်ပြီး (၅) ရက်ခန့်အကြာတွင် ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ မတ်လ (၂၈) ရက်နေ့ကစပြီး အကြမ်းဖက်သောင်းကျန်းသူတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နေအိမ်တွေ မီးလောင်ပျက်ဆီးခဲ့ရပြီး၊ ကျေးရွာသူ၊ ကျေးရွာသားတွေဟာ မော်လမြိုင် နဲ့ ချောင်းဆုံမြို့နယ်အထိ စစ်ဘေးတိမ်းရှောင်နေခဲ့ကြရကြောင်း စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်က ဆိုထားသည်။
နယ်မြေတည်ငြိမ်သွားပြီးဆိုသော်လည်း နေအိမ်များ မီးလောင်ပျက်ဆီးခဲ့ရသည့်အတွက် ပြန်စရာနေအိမ်မရှိတော့ကြောင်း နေရပ်စွန့်ခွာစစ်ဘေးရှောင် ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။
“မွန်ဝန်ကြီးချုပ်က သောင်းကျန်းသူဆိုတာ ဘယ်သူ့ကို ပြောတာလဲတော့မသိဘူး။ ဓမ္မသရွာမီးလောင်ပျက်ဆီးခဲ့တာ စစ်တပ်ရဲ့ ရေတပ်ကနေ လက်နက်ကြီးနဲ့ပစ်လို့၊ မီးလောင်ပျက်ဆီးခဲ့တာကို တစ်ရွာလုံးလည်းသိနေတယ်။ တစ်နယ်လုံးလည်း သိနေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် မတ်လ (၂၅) ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းအား KNU/KNLA/KNDO/NMSP (AD) နှင့် PDF ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တစ်လခန့်အကြာ ဧပြီလ (၂၅) ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့မှ ယင်း ကော့ဘိန်းဒေသအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းသည်။
ယင်းဒေသအတွင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အဆိုပါ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ နှင့် အနီးဝန်းကျင်ဒေသများဖြစ်ကြသည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့သိတ်၊ ကော့စွယ် အစရှိသည့် ကျေးရွာများအတွင်း ဒေသခံပြည်သူ (၃၀) ဦးထက်မနည်း သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူအများအပြားရှိခဲ့သည့်အပြင်၊ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ၏နေအိမ်များအား စစ်ကောင်စီတပ်သားများမှ ဖောက်ထွင်းဝင်ရောက်ကာ အဖိုးတန်ပစ္စည်းများ၊ အစားအစာများ၊ ပရိဘောဂပစ္စည်းများ နှင့် မော်တော်ဆိုင်ကယ်များအား ခိုးယူသွားခဲ့ကြကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။