ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သို့ဝင်ရောက်မည့်သူများဟု စွပ်စွဲပြီး မော်လမြိုင်မြို့တွင် လူငယ် (၄) ဦးအား ဖမ်းဆီးထားကြောင်း သိရသည်။
ယင်းဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသား (၃) ဦး နှင့် အမျိုးသမီးတ (၁) ဦးအား မောလမြိုင်မြို့မရဲစခန်းတွင် (ပ) ၃၉/၂၀၂၄၊ အကြမ်းဖက်မှုတိုက်ဖိက်ရေးဥပဒေပုဒ်မ – ၅၂ (က) အရအမှုဖွင့်အရးယူထားကြောင်း သိရသည်။
“သူတို့ (၄) ဦးကို ပြီးခဲ့တဲ့ ဧပြီလ (၁၉) ရက်နေ့ကတည်းက လှိုင်ရပ်ကွက် မှာရှိတဲ့ ဇင်ယော်ဧည့်ရိပ်သာ အခန်းအမှတ် (၁၀၇) မှာ တည်းခိုနေထိုင်စဉ်ကတည်းက ဖမ်းဆီးခံထားရတာလို့ သိရတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ဖမ်းဆီးခံထားရသူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင်နေထိုင်သူများဖြစ်ကြသည့် ကိုရဲကိုဝိုင် (ခ) ကိုပိုင်၊ ကိုမင်းခန့်နိုင်၊ ကိုမင်းသူရိန် နှင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၊ ရွှေသမားရပ်ကွက်နေ မမျိုးသန္တာအေးတို့ဖြစ်ကြောင်း ၄င်းက ပြောသည်။
ထို့နောက် ၎င်းတို့အား စစ်ကြောရေးပြုလုပ်ခဲ့ရာ၌ PDF အဖွဲ့ဝင် ညီညီ ဆိုသူနှင့် ဆက်သွယ်ပြီး ကရင်ပြည်နယ် ဘုရားသုံးဆူမြို့သို့ သွားရောက်ကာ PDF သင်တန်းတက်ရောက်ရန်အတွက် ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာအနီးရှိ ရော်ဘာခြံထဲရှိ PDF စခန်းမှ လာရောက်ခဲ့ခြင်းဖြစ်ကို စစ်ဆေးပေါ်ပေါက်ထားကြောင်း ၎င်းက ဆိုသည်။
“ကနဦးကတော့ စစ်တပ်ရဲ့ စစ်ကြောရေးကို ပို့ဆောင်ပြီး စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တယ်။ ပြီးတော့မှ ရဲကို ပြန်လွှဲပေးထားတာပါ။ သူတို့ (၄) ဦးကို လတ်တလောမှာ မော်လမြိုင်မြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီးတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ တရားရုံးတင်ဖို့ စီစဉ်နေတယ်လို့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စစ်ကောင်စီဘက်မှ မော်လမြိုင်မြို့အတွင်းရှိ ဟိုတယ်များ၊ တည်းခိုခန်းများ၊ ဧည့်ရိပ်သားများအားသတိထားစောင့်ကြည့်နေသည့်အပြင် မသင်္ကာသူများအား ခေါ်ယူမေးမြန်းစစ်ဆေးမှုများ လုပ်ဆောင်လေ့ရှိကြောင်း ဟိုတယ်လုပ်ငန်းအသိုင်းအဝိုင်းထံက ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ (၂၉) ရက်နေ့ကလည်း မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ဦးစစ်မောင်လမ်းနေ ကိုရဲလင်းဖြိုး ဆိုသူမှာလည်း PDF များအား ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရပြီး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အမှုဖွင့်အရေးယူခြင်းခံထားရကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ပေါင်၊ သထုံ၊ ရေး နှင့် သံဖြူဇရပ်မြို့နယ်များအတွင်း PDF အဖွဲ့နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ (၂၀၀) ဦးထက်မနည်းရှိခဲ့ပြီး၊ အနည်းငယ်သာ ပြန်လည်လွတ်မြောက်ထားကြောင်း သိရသည်။