စစ်ကောင်စီရေတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့သည့် ကျိုက်မရောမြို့နယ် ဓမ္မသတ်ကျေးရွာသို့ ယမန်နေ့ ဧပြီလ (၂၇) ရက်နေ့က စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သွားရောက်ခဲ့ပြီး နေရပ်စွန့်ခွာစစ်ဘေးရှောင်ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်ကြရန် ၎င်းအသုံးပြုသည့် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် တိုက်တွန်းရေးထားကြောင်း တွေ့ရသည်။
ယခုချိန်မှာ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ တည်ငြိမ်အေးချမ်းနေပြီဖြစ်သောကြောင့် ကျေးရွာသူ၊ ကျေးရွာသားတွေအနေဖြင့် မိမိတို့ နေရပ်ကို သွားရောက်ပြီး ပြန်လည်အခြေချနေထိုင်နိုင်ကြပြီးဖြစ်ကြောင်း နှင့် ကျေးရွာအနီးပတ်ဝန်းကျင်က ကျေးရွာသူ၊ ကျေးရွာသားတွေလည်း မစိုးရိမ် မပူပန်ကြဖို့ ဆွေမျိုးသားချင်းတွေကို လည်း လက်ဆင့်ကမ်း ပြန်လည်ပြောကြားပေးစေလို့ကြောင်း စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်က ဆိုထားသည်။
သို့ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းခြင်းမရှိသေးသည့်အပြင် အချိန်မရွေး တိုက်ပွဲများပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေကြရသည့်အတွက် နေရပ်သို့ မပြန်ရဲကြသေးကြောင်း ဓမ္မသတ်ကျေးရွာမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။
“ကျမတို့ ရွာကိုပြန်ကြမယ်ဆိုပါတော့။ အိမ်ကတော့ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျလို့ မီးလောင်ပျက်စီးသွားပြီးလေ။ ဘယ်မှာသွားနေကြရမှာလဲ” ဟု ဓမ္မသတ်ရွာခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ (၂၅) ရက်နေ့က NMSP (AD) / KNU / KNLA / KNDO / PDF ပူးပေါင်းတပ်ဖွဲ့များက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်၊ မတ်လ (၂၇) ရက်နေ့ မွန်းလွဲ (၃) နာရီအချိန်ခန့်က ကော့ဘိန်းကျေးရွာမှ (၅) မိုင်ခန့်အကွာရှိ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသတ်ကျေးရွာအား စစ်ကောင်စီ၏ ရေတပ်မှ ဂျိုင်းမြစ်အတွင်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စစ်ကောင်စီ၏ ရေတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အိမ်ခြေတစ်ထောင်ကျော်ရှိသည့် ဓမ္မသတ်ကျေးရွာ၏ နေအိမ် (၃၀၀) ခန့်မှာ မီးလောင်ပျက်စီခဲ့ရပြီး၊ ဒေသခံပြည်သူတစ်ဦး မီးလောင်သေဆုံးခဲ့ရကာ၊ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်းနှင့် ဒေသခံပြည်သူထောင်နှင့်ချီ၍ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
၎င်းအပြင် ပြီးခဲ့သည့် ဧပြီလ (၈) ရက်နေ့ကလည်း အဆိုပါ ဓမ္မသတ်ကျေးရွာနှင့် အနီးတဝိုက်ရွာများတွင် စစ်ကောင်စီတပ်၏ လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို့နောက် ပြီးခဲ့သည့် ဧပြီလ (၂၅) ရက်နေ့ နံနက် (၅) နာရီအချိန်ခန့်က NMSP (AD) / KNU / KNLA / KNDO / PDF ပူးပေါင်းတပ်ဖွဲ့များ တစ်လကြာ သိမ်းပိုက်ထားသည့် ကော့ဘိန်းနယ်မြေရဲစခန်းအား စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ကာ ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း နှင့် ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် ကော့ဘိန်းဒေသခံ အသက် (၁၉) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။