တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တစ်လကြာသိမ်းပိုက်ထားသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းအား စစ်ကောင်စီတပ်မှ လေကြောင်း၊ ရေကြောင်းပစ်ကူများနှင့်အတူ အင်အားအလုံးအရင်းဝင်ရောက်လာပြီး ယနေ့မနက်ပိုင်းက ပြန်လည်သိမ်းပိုက်ခဲ့စဥ် လတ်တလော စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ရွာသားတစ်ဦးက “လေကြောင်းကနေ ဗုံးတွေကြဲချနေတယ်၊ ရေတပ်ကနေလည်း အမြှောက်နဲ့ပစ်တယ်၊ မနက်စောစောမှာ ဗမာစစ်သားတွေက တော်တော်များတယ် သေနတ်ရမ်းသမ်းပစ်ခတ်ပြီး ရွာထဲဝင်လာတယ်၊ အသက် (၁၉) နှစ်အရွယ် မိန်းခလေးတစ်ဦး လက်နက်ကြီးအစ ထိမှန်သေဆုံးသွားတယ်၊ ရွာသားတွေအကုန်လုံးလိုလို ထွက်ပြေးကြတယ်၊ အဖမ်းခံအရိုက်ခံရတဲ့ လူတွေလည်းရှိတယ်” ရွာမှာ ကျန်နေတဲ့ ဒေသခံတွေအကုန်လုံး ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
လတ်တလော စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက် (၁၉) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ကြောင်း နှင့် နောက်ထပ်ထိခိုက်သူများလည်း ရှိနိုင်ကြောင်း ၎င်းဒေသခံက ဆိုသည်။
ယနေ့ ဧပြီလ (၂၅) ရက်နေ့ နံနက် (၅) နာရီအချိန်ခန့်က အင်အား (၃၀၀) ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာဘက်မှ ကော့ဘိန်းကျေးရွာဘက်သို့ လက်နက်ကြီးပစ်ကူဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
ထိုသို့ စစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် ကော့ဘိန်းရဲစခန်းအတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရကြောင်း နှင့် လက်ရှိ ယင်းဒေသအား စစ်ကောင်စီတပ် ထိန်းချုပ်ထားကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
ဒေသခံမွန်ဆရာတော်တစ်ပါးက “မနေ့က လေကြောင်းရော စစ်ဘေႅာက အမြှောက်တွေနဲ့ပါ စစ်တပ်က ရမ်းသမ်းပစ်ခတ်လာတော့ ကော့စွယ်က လင်မယားနှစ်ယောက် ဒဏ်ရာအပြင်းအထန်ရတယ်၊ မယားဆုံးပါးသွားပြီး လင်ဖြစ်သူက ဆေးရုံမှာ၊ ကော့နွတ်မှာလည်း လင်မယားနှစ်ယောက်ဒဏ်ရာရသွားတယ်၊ နှစ်ယောက်စလုံး ဆေးရုံတင်ထားရတယ်၊ ကော့နွတ်ကော့စွယ်က တဆက်စပ်ထဲရှိနေတယ်၊ ကော့မိတ်မှာလည်း ထိခိုက်မှုတွေရှိတယ်” ဟု မိန့်ဆိုသည်။
ပြီးခဲ့သည့် မတ်လ (၂၅) ရက်နေ့က NMSP (AD)/ MLA/ KNU/KNLA/ PDF ပူးပေါင်းတပ်ဖွဲ့များက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းတိုက်နယ်၊ ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါ ကော့ဘိန်းနယ်မြေရဲစခန်း နှင့် အနီးဝန်းကျင်ရှိ ဒေသများ၌ တစ်လကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း NMSP (AD) မှ တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့သည့်အပြင်၊ KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဝင်အများအပြားလည်း ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ကြကြောင်း မြေပြင်သတင်းများအရ သိရသည်။
ထို့အပြင် ကော့ဘိန်းနယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးတို့က အလံဖြူထောင်၍ လက်နက်ချခဲ့သည်။
ထိုနောက် ယင်းဒေသအနီးဝန်းကျင်ရှိ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာအား စစ်ကောင်စီ၏ စစ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် (၃၀၀) ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ရသည့်အပြင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျိုက်မရောမြို့နယ် တရနာကျေးရွာအနိးရှိ ကျွန်းကုန်ရွာတွင်လည်း (၂) ကြိမ်ထက်မနည်း မီးလောင်ကျွမ်းပျက်စီးမှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်မှ စနိုက်ဘာဖြင့် ပစ်ခတ်မှုကြောင့် သံကလောင်ကျေးရွာမှ ဆရာတော်တစ်ပါး ပျံလွန်တော်မှုခဲ့ပြီး၊ ဒေသခံပြည်သူ (၇) ဦးထက်မနည်းသေဆုံးခဲ့ရသည့်အပြင်၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများလည်းရှိခဲ့ကြောင်း နှင့် ကော့ဘိန်း၊ မင်းရွာ၊ ဓမ္မသ၊ သံကလောင်၊ တရနာ အစရှိသည်ဖြင့် ကျေးရွာများမှ ဒေသခံပြည်သူ ထောင်နှင့်ချီပြီး နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေခဲ့ရသည်။