ကောင်းဝါ (ဇွန် ၉-၂၀၂၃)
အိန္ဒိယနိုင်ငံဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ယမန်နေ့ ဇွန်လ ၈ ရက်နေ့က နေပြည်တော်၌ ကျင်းပရာ မွန်ပြည်သစ်ပါတီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့ တက်ရောက်ကြောင်း သိရသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထိုးထားသော NMSP, RCSS, ALP, DKBA, KNU/KNLA-PC, LDU, PNLO တို့မှ ကိုယ်စားလှယ် ၂ ဦးစီ တက်ရောက်ခဲ့ကြောင်း KNU/KNLA-PC မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
“PPST အနေနဲ့မဟုတ်ဘူး EAO ၇ ဖွဲ့ပေါ့လေ၊ တစ်ဖွဲ့ကိုယ်စားလှယ် ၂ ယောက်နဲ့ Workshop လုပ်တာပါ၊ အိန္ဒိယသံရုံးကနေ ကမကထလုပ်ပြီးတော့ အိန္ဒိယနိုင်ငံက ပညာရှင်တစ်ယောက်ကနေပြီးတော့ သူတို့နိုင်ငံမှာ ကျင့်သုံးနေတဲ့ ဖက်ဒရယ်ရဲ့ သဘောသဘာဝတွေ၊ အနှစ်သာရတွေ အဲဒါတွေကို ကျွန်တော်တို့ကို လာပြီးတော့ မျှဝေပေးတဲ့ workshop တစ်ခုပါပဲ” ဟု ၄င်းကပြောသည်။
နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန NRPC ၌ ကျင်းပရာတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့်သံရုံး တာဝန်ရှိသူများ၊ NSPNC တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြောင်း နစက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အလားတူ ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ အဆိုပါ EAOs (၇) ဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများအကြား ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့တွင်လည်း ရန်ကုန်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံဖက်ဒရယ်စနစ်တွင် ပြည်နယ် ၂၈ ခုနှင့် ပြည်ထောင်စုနယ်မြေ ၇ ခုရှိရာ ပထဝီကိုယ်စားပြုပြည်နယ်၊ လူမျိုးစုကိုယ်စားပြုပြည်နယ်နှင့် အမျိုးသားများပြည်နယ်ဟူ၍ ဖွဲ့စည်းထားကြောင်း သိရသည်။