မတ်လ ၂၄ ရက်က ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသတ်ကျေးရွာနှင့် အနီးအနားတဝိုက်ရှိ မွန်ရွာများသို့ KNU, PDF, MLA နှင့် NMSP (AD) တပ်ဖွဲ့ဝင်များက ဝင်ရောက်နေရာယူပြီး မတ်လ ၂၅ ရက်တွင် စစ်ကောင်စီ၏ကောင်းဘိန်းရဲစခန်းကို သိမ်းပိုက်ခဲ့ကြောင်း၊ အထက်ပါမွန်ရွာများမှ အခြေပြုလျှက်ရှိသော စစ်ကောင်စီဆန့်ကျင်သည့်လက်နက်ကိုင်တပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့အား ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ လေတပ်၊ ရေတပ်၊ အမြှောက်တပ်မှ ပြန်လည်ပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက် ညနေပိုင်းက ဓမ္မသတ်ကျေးရွာ အိမ်ခြေ ၃၀၀ ကျော်မီးလောင်၍ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း၊ ပြည်သူလူထုတို့၏ ပစ္စည်းဥစ္စာအများအပြားဆုံးရှုံးခဲ့ရပြီး အိုးအိမ်ပစ်သွားရကာ စစ်ဘေးရှောင်သွားရကြောင်း၊ တိုက်ပွဲသည်လည်း ရပ်တန့်သွားမည့် အလားအလာမတွေ့ရသဖြင့် ကော့ဘိန်း၊ ဓမ္မသတ်တိုက်ပွဲများနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ၏ သဘောထားကို ကျေညာချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ရေးသားဖော်ပြသည်။
၁။ မွန်ပြည်သစ်ပါတီအနေဖြင့် လုံလောက်သောကာကွယ်စောင့်ရှောက်မှုများ စွမ်းဆောင်ပေးရာတွင် တာဝန်မကျေပွန်ခဲ့သဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာပစ္စည်းများစွာ နစ်နာဆုံးရှုံးခဲ့ရသည့်အတွက် လွန်စွန်ဝမ်းနည်းပူဆွေးရပါကြောင်း၊ ထို့ကြောင့် မွန်ဒေသလုံခြုံကောင်းမွန်လာစေရေး၊ ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေး ဒေသခံပြည်သူလူထုအင်အားနှင့်အတူ မိမိတို့ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
၂။ လက်ရှိကာလသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစစ်စစ်တည်ဆောက်ရေးအတွက် တစ်နိုင်ငံလုံးအနှံ့တွင် လက်နက်ကိုင်ပဋိပက္ခများ အပြင်းအထန်ဖြစ်ပေါ်လျှက်ရှိကြောင်း၊ စစ်ရေးပြိုင်ဘက်များက အောင်ပွဲအသီးသီး ရရှိနိုင်ရေးအတွက် အပြင်းအထန်လှုပ်ရှားနေကြရသည်ကို မိမိတို့အနေဖြင့် နားလည်ပေးနိုင်စွမ်း ရှိပါကြောင်း၊ နိုင်ငံအတွင်း နေရာဒေသအတော်များများတွင် မြို့သိမ်း၊ ပြည်သိမ်းတိုက်ပွဲများ ဆင်နွှဲနေကြသည်မှာ အခြေအနေနှင့်ကိုက်ညီသည်ဟုဆိုစေကာမူ မိမိတို့မွန်ဒေသတွင် စစ်ဆင်ရေးနေရာယူရန် အချိန်မရောက်သေးဟု ရှုမြင်ကြောင်း။
၃။ စစ်ဆင်ရေးတွင် ၄င်းတို့၏ရန်သူအား ၄င်းတို့စစ်ဆင်တိုက်ခိုက်သည်ကို တားမြစ်ပြောဆိုစရာ အကြောင်းမရှိသော်လည်း ပါတီလူမျိုးအဖွဲ့အစည်းတရပ်၏ အုပ်ချုပ်ရေးနယ်မြေဖြစ်နေသည်ကို သိမှတ်ပြုထားသင့်သည်ဟု မြင်ကြောင်း။
၄။ မွန်ကျေးရွာအများအပြားတွင် ယင်းသို့စစ်အင်အား လာရောက်ဖြန့်ကျက်ထားသောကြောင့် မွန်ကျေးရွာများ စစ်မြေပြင်ဖြစ်သွားရပြီး မွန်အမျိုးသားတို့ ဆုံးရှုံးနစ်နာမှုများပြားခဲ့ရသည်ဟု မြင်မိကြောင်း၊ စစ်ဆင်ရေးဆောင်ရွက်သူများအနေဖြင့် ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများကို ဂရုပြုတွက်ဆ၍ စာနာထောက်ထားမှုများ ထားပေးသင့်ကြောင်း၊ ကော့ဘိန်း၊ ဓမ္မသတ် တိုက်ပွဲဖြစ်စဥ်များကို ပြည်သူအများသိရှိရန် ကျေညာချက်ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။
Source; NMSP Statement မွန်ဘာသာ။