မုဒုံမြို့သည် မော်လမြိုင်မြို့တောင်ဘက် ၁၈ မိုင်အကွာ မော်လမြိုင် ကျိုက္ခမီမော်တော်ကားလမ်းပေါ်၌၎င်း၊ ၁၅ မိုင် အကွာ မော်လမြိုင်မြို့နှင့်ရေး မီးရထားလမ်းပေါ်၌၎င်း တည်ရှိရာ အဆက်အသွယ်ကောင်း၍ အသွားအလာ လွယ်ကူသဖြင့် ကူးသန်းရောင်းဝယ်ရေးတွင် စည်ကားသည်။ မော်တော် ကားလမ်းသည် မြို့၏အရှေ့ဖက်၌ရှိ၍ မီးရထားလမ်းသည် မြို့၏ အနောက်ဖက်ဆုံးတွင် ရှိသည်။
မုဒုံမြို့သည် မွန်မြို့ဖြစ် သည်အားလျော်စွာ မွန်ဘာသာအားဖြင့် “မု (မုဟ်)-သည် အစွန်း၊ ဒုံ(ဍုင်)-သည် မြို့” အစွန်းကျသောမြို့ဟု ဆိုလိုသည်။ မုဒုံမြို့ပေါ်တွင် ၁၉၅၃ ခုနှစ်သန်းခေါင်စာရင်းအရ လူဦး ရေ ၂ဝ,၁၂၃ ယောက်ခန့်၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၂,၅၁၄ ယောက်ခန့်ရှိပြီး အခြားဒေသမှ ရွှေ့ပြောင်းဝင်ရောက်မှုများပြားလာသည့်အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကောက်ခံသော လူဦးရေစာရင်းအရ စုစုပေါင်း လူဦးရေ (၁၈၈,၃၂၁) ရှိသည်။ မွန်၊ မြန်မာ၊ ကရင်၊ တရုတ်၊ ကုလားလူမျိုးများ နေထိုင်ကြသည်။ မွန်လူမျိုးတို့ အများဆုံးနေထိုင်သည်။
မုဒုံမြို့တွင် ကန်တော်ကြီး၊ ကန်ကြီးဘုရားနှင့် ဂျုံးဂျုံးကျ တောရကျောင်းဟူ၍ ထင်ရှားသော ဌာနသုံးခုရှိသည်။ ကန်တော်ကြီး၊ သို့မဟုတ် ကန်ကြီးသည် ၃ မိုင်ပတ်လည် ကျယ်ဝန်း၍ နဂါးများ ကျက်စားပျော်မြူးရာဟု ထင်ရှားကျော် ကြားခဲ့သည်။ ဂေါတမမြတ်စွာဘုရား ၈ ဝါမြောက်တွင် နောက်ပါ ရဟန္တာများနှင့် ဤကန်တော်ကြီးဌာနသို့ ကြွလာတော်မူဘူးသည်ဟု ဆိုသည်။ ရသေ့ကြီးတပါးနှင့် တွေ့တော် မူရာ နောင်ရေးကိုမျှော်ရှုကာ ရသေ့ကြီးအား ဆံတော်တဆူ သနားတော်မူခဲ့လေသည်။ ထိုအကြောင်းကို သိကြားမင်းသိ ၍ ရသေ့အား ဆံတော်ကိုဌာပနာ၍ စေတီတည်ရန် လျှောက်ထားသည်တွင် ကန်တော်ကြီးအနီး၌ သိကြား တရစ်၊ နဂါး တရစ်၊ လူတရစ် စေတီတည်ကြသည်။ ထိုဆံတော်ဓာတ်စေတီကို ရှေးအခါက နဂါးစေတီဟု ခေါ်ကြသည်။ နောင်မှ ကန်တော်ကြီးအနီး၌ တည်ထားသောကြောင့် ကန်ကြီးဘုရားဟု တွင်ပြန်သည်။ ကန်ကြီးသည် မုဒုံမြို့ မတည်မီ ရှေးအခါက တည်းကပင် သယံဇာတအားဖြင့် တည်ရှိသော အဓိကရ ကန်တော်ကြီး ဖြစ်သည်။
ဂျုံးဂျုံးကျတောရတွင် ရေအဟုန်ပြင်းစွာဖြင့် အမြင့်မှအဆက်မပြတ် စီးဆင်းလျက်ရှိသောကြောင့် ဂျုံးဂျုံးကျစမ်း ဟု ခေါ်သောစမ်းရှိသည်။ ထိုစမ်းကို အမှီပြု၍ ဆောက်လုပ်ထားသော တောရကျောင်းကို ဂျုံးဂျုံးကျတောရကျောင်း ဟု ခေါ်သည်။ ထိုကျောင်းတွင် ဆရာတော်တပါး သီတင်းသုံး တော်မူခဲ့ဘူးသည်။ ထိုဆရာတော်ဘုရားသည် သီလသိက္ခာ နှင့် ပြည်စုံ၍ တရားထူးရရှိပြီးသော ပုဂ္ဂိုလ်မြတ်ဟု ကျော်စောခဲ့သည်။ ပျံလွန်တော်မူရာတွင် ရုပ်ခန္ဓာ ရုတ်တရက် ပျောက်ကွယ်သွား၍ ရုံတော်မူသော သင်္ကန်းများမှာ မပျက် ပက်လက်ကျိန်းနေဘိသကဲ့သို့ ကျန်ရှိနေသေးသည်ကို ယနေ့တိုင် တွေ့မြင်နိုင်သည်။ မုဒုံမြို့သည် ဤဆရာတော် ဘုရားကြောင့်လည်း ထင်ရှားကျော်စော၏။ မုဒုံမြို့သည် ရှေးက မွန်ဘုရင်များ ထီးနန်းစိုက်ရာ ဖြစ်ကြောင်းကို ကွမ်ဒုံ အရပ်တွင် ယနေ့ထိရှိနေသေးသော မြို့ရိုးများကို ကြည့်ခြင်း ဖြင့် သိနိုင်သည်။
လွန်ခဲ့သည့်အနှစ် ၇၀ ဝန်းကျင်က မြို့ပေါ်တွင် ရဲဌာန၊ စာပို့တိုက်၊ မြို့ပိုင်ရုံး၊ ငွေတိုက်၊ အစိုးရအထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ သစ်တောဌာနနှင့် ဆေးရုံတို့ ရှိသည်။ မုဒုံမြို့နယ်တွင် ကော်ဖတ်ခြံများ အမြောက်အမြားရှိသည်။ မြို့နယ်အတွင်း ဆန်စပါးစိုက်ပျိုး လုပ်ကိုင်ကြသည်။ မြို့နေလူများသည် လယ်ယာလုပ်ခြင်း၊ ရက်ကန်းရက်ခြင်းတို့ဖြင့် အသက်မွေး မြူကြသည်။ ဆန်စပါး၊ ကော်ဖတ်နှင့်ရက်ကန်းထည် များစွာ ထွက်သည်။
မုဒုံမြို့နယ်သည် မြို့ဟောင်းမြို့တစ်မြို့ဖြစ်ပါသည်။ ပြည်ထဲရေးနှင့်သာသနာ ဝန်ကြီးဌာန၏(၂၇-၈-၁၉၇၃) ရက်စွဲပါစာအမှတ်၊ ၂/၁၇၆/အထ(၂)ဖြင့် lထုတ်ပြန်သည့်အမိန့်ကြော်ငြာစာအရ မုဒုံမြို့ကို ရပ်ကွက် (၄)ရပ်ကွက်ဖြင့် လည်းကောင်း၊ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၏ (၃၀-၁၂-၁၉၇၂) ရက်စွဲပါစာအမှတ်၊ ၃/၁၀/အထ(၂)ဖြင့် ကျေးရွာအုပ်စု (၄၈) အုပ်စု ကျေးရွာပေါင်း(၅၅)ရွာဖြင့် ပြင်ဆင်သတ်မှတ်၍လည်းကောင်း၊ မုဒုံမြို့ နယ်တွင် ရပ်ကွက်(၄)၊ ကျေးရွာ အုပ်စု(၄၈) အုပ်စု၊ ကျေးရွာ(၅၅)ရွာဖြင့် ဖွဲ့စည်းထားပါသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)၏ (၅-၂-၁၉၉၈) ရက်စွဲပါစာအမှတ်၊ ၁၀၀/ ၂၃-၁၇၃/ဦး၁ ဖြင့် မုဒုံမြို့နယ်မှ (ရိုးဂိုး၊ ဖားအောက်၊ ကော့ခမယ်၊ကြာအင်း၊နောင်ခရီး၊ကော့ခနိ)ကျေးရွာအုပ်စုတို့အား မော်လမြိုင် မြို့နယ်သို့ ထည့်သွင်းခဲ့သဖြင့် မုဒုံမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၄၂)အုပ်စု၊ ကျေးရွာ(၅၅)ရွာဖြင့် ဖွဲ့စည်းထားပါသည်။
ပြည်ထဲရေး ဝန်ကြီးဌာန၏(၁၃-၃-၂၀၁၄)ရက်စွဲပါစာအမှတ်၊(၂၅၀/၂၀၁၄) ဖြင့်ကမာဝက် မြို့ကိုရပ်ကွက်(၅) ရပ်ကွက်ဖြင့် မြို့အဖြစ်တိုးမြှင့် ဖွဲ့စည်းလိုက်ပါသည်။ မုဒုံမြို့နယ် ဆက်သွယ်ကျေးရွာအုပ်စုတွင် အဘစ်ကျေးရွာတစ်ရွာအား (၅-၄-၂၀၁၆) ရက်နေ့ ပြည်ထဲရေးဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ (၁၁၃၉/၂၀၁၆)ဖြင့် တိုးချဲ့ ပြင်ဆင် ဖွဲ့စည်းလိုက်သဖြင့် မုဒုံမြို့နယ်တွင် မြို့(၂)မြို့၊ ရပ်ကွက်(၉)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၃)အုပ်စု၊ ကျေးရွာ(၅၀) ရွာတည်ရှိပါသည်။
မုဒုံမြို့နယ်သည် မြောက်လတ္တီ တွဒ် ၁၅ ဒီဂရီ ၅၇ မိနစ် နှင့် ၁၆ ဒီဂရီ ၂၅ မိနစ် အကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃၅ မိနစ်နှင့် ၉၇ ဒီဂရီ ၅၃ မိနစ် အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၁၄.၅) မိုင်နှင့် တောင်မှမြောက်သို့(၂၈)မိုင် ရှည်လျား ပါသည်။ မုဒုံမြို့နယ်နှင့် မြို့တို့၏ ဧရိယာစတုရန်းမိုင်မှာ(၃၁၄.၆၉) ဖြစ်ပါသည်။
မုဒုံမြို့နယ်၏ အရှေ့ဘက်တွင် ကျိုက်မရောမြို့နယ်၊ ကြာအင်းဆိပ် ကြီးမြို့နယ်၊ တောင်ဘက်တွင် သံဖြူဇရပ်မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ချောင်းဆုံမြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက် တွင် မော်လမြိုင်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ မုဒုံမြို့နယ်သည် အရှေ့ဘက်မှ အနောက်ဘက်သို့ တဖြည်းဖြည်း ညီညာစွာ နိမ့်ဆင်းလာပြီး ရပ်ကွက်/ကျေးရွာများသည် အများအားဖြင့် မြေပြန့်လွင်ပြင် များဖြစ်ပါသည်။
မုဒုံမြို့နယ်တွင်မြစ်ချောင်းများသည် အရှေ့မှအနောက်သို့ စီးဆင်း လျှက်ရှိပြီး ဝဲကလိချောင်း၊ ကမာပတဲချောင်း၊ အဇင်းချောင်း၊ ကျုံဖိုက်ချောင်း၊ ဝင်းဖနုံချောင်းတို့ တည်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် (၃၁)ပေ အထက်တွင် တည်ရှိပါသည်။ ပူအိုက်စွတ်စိုသောရာသီဥတုရှိပြီး ၊ အမြင့်ဆုံး အပူ ချိန်(၃၇.၀.C)နှင့် အနိမ့်ဆုံးအပူချိန်မှာ (၁၄.၈.C)ဖြစ်ပါသည်။
မုဒုံမြို့နယ်၏လက်ရှိ သဘာဝပတ်ဝန်းကျင် အခြေအနေမှာ သစ် တော ဖုံးလွမ်းမှု (၁၆.၆၂%)ရှိပါသာည်။ မော်လမြိုင်(ထင်း) သစ်တော ကြိုးဝိုင်း(၄၁၁၂.၈၇)ဧကနှင့် ကျိုက်ကမော့သစ်တောကြိုးဝိုင်း (၂၉၃၆၇.၇၃) ဧက၊ စုစုပေါင်း ကြိုးဝိုင်း (၃၃၄၈၀.၆၀) ဧကရှိပါသည်။ ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ အင်ပင်၊ ယမနေ၊ သပြေ၊ ကညင်၊ သစ်ယာ၊ သက်ရင်း၊ ဘန့်ဘွေး၊ ဇင်ပြွန်း၊ သစ်စေး၊ ဖန်းခါးပင်များ ပေါက်ရောက် ပါသည်။ သို့ရာတွင် တောရိုင်းတိရိစ္ဆာန်များ မရှိပါ။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်အထိ မြို့ပေါ်ရှိအိမ်ခြေ(၁၅၀၇၃)အိမ်၊ အိမ်ထောင်စု(၁၆၁၉၆)စုရှိပြီး ကျေးလက်နေအိမ်ခြေ(၂၃၂၆၂)အိမ်၊ အိမ်ထောင်စု(၂၅၇၆၅)စုရှိရာ စုစုပေါင်းအိမ်ခြေ(၃၈၃၃၅)အိမ်၊ အိမ်ထောင်စု(၄၁၉၆၁)စုရှိပါသည်။ လူမျိုးအားဖြင့် ၁။ ကချင်—-၁၄ဦး ၂။ ကယား—၆ဦး ၃။ ကရင်—-၉၃၅ဦး ၄။ ချင်း—–၁၀ဦး ၅။ ဗမာ—-၂၁,၈၁၈ဦး ၆။ မွန်—–၁၆၁,၉၆၅ဦး ၇။ ရခိုင်—-၄၂ဦး ၈။ ရှမ်း—-၅၇ဦး ၉။ အခြား—၃၄၇၄ဦး၊ ဘာသာအလိုက်မှာ ဗုဒ္ဓဘာသာ(၁၈၅,၁၀၁)ဦး၊ ခရစ်ယာန်ဘာသာ(၃၁၆)ဦး၊ ဟိန္ဒူဘာသာ(၈၅၇)ဦးနှင့် အစ္စလာမ်ဘာသာ(၂၀၄၇)ဦး၊ စုစုပေါင်းလူဦးရေ (၁၈၈၃၂၁)ဦး ရှိသည်။
မုဒုံမြို့နယ်သည် စီးပွားရေး အရ အချက်အချာကျသော မြို့နယ်တစ်ခုဖြစ်ပါသည်။မြို့နယ်အတွင်း ရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ မုဒုံမြို့နယ်သည် ရန်ကုန်-ထားဝယ်ကားလမ်းပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။မြို့နယ်၏အဓိကထွက်ကုန် မှာ စပါးနှင့်ရာဘာဖြစ်ပါသည်။
မှတ်ချက်။ လက်လှမ်းမှီသမျှသာ တင်ပြခြင်းဖြစ်ပါသည်။
ကိုးကားချက်များ
-မြန်မာ့စွယ်စုံကျမ်း
- Mon State Travel & Tours