မြို့သမိုင်းများနှင့် ပတ်သက်၍ ရန်ကုန် ၊ မန္တလေး ပုသိမ် ၊ ကလေး ၊ ထားဝယ် ၊ သံဖြူဇရပ် စသည့်မြို့နယ် များ၏ သမိုင်းကို ကနဦးက မှတ်တမ်းတင်ထားနိုင်ခဲ့ခြင်း ကြောင့် နှစ်တစ်ရာပြည့် အထိန်းအမှတ်ပွဲများ အထိမ်းအ မှတ် စာစောင်များကို ပြုလုပ်နိုင်ခဲ့ ၊ ထုတ်ဝေနိုင်ခဲ့ကြလေသည် ။ မော်လမြိုင်မြို့မှာမူကား ၊ သမိုင်းဦးအစက မှတ်တမ်းများ စနစ်တကျ တင်ထားနိုင်ခြင်း မရှိခဲ့ခြင်းကြောင့် မြို့သမိုင်းနှင့် ပတ်သက်၍ တိတိကျကျပြည့်ပြည့် စုံစုံ ခိုင်ခိုင်လုံလုံ ရေးသားတင်ပြနိုင်ခြင်း မပြုလုပ်နိုင်ခဲ့ချေ ။
သမိုင်းမှတ်တမ်းများကို ယေဘူယျအကြမ်းအား ဖြင့် လေ့လာကြည့်လျှင် မွန်ရာဇဝင်သမိုင်း ၊ ဇင်းမယ် ရာဇဝင်သမိုင်း ၊ မှန်နန်းရာဇဝင် ၊ ဦးကုလားရာဇဝင် ၊ ဟာဗေးရာဇဝင် စသည့် ရာဇဝင်သမိုင်းစာအုပ်များ အပါ အဝင် ပထမအင်္ဂလိပ်မြန်မာ စစ်ပွဲပြီးနောက် ထုတ်ဝေခဲ့ကြသော သမိုင်းမှတ်တမ်းစာအုပ်များတွင် ရေးသားဖေါ် ပြထားသည့် မော်လမြိုင်သမိုင်း အချက်အလက်များမှာ အမျိုးမျိုးအဖုံဖုံ ကွဲပြားခြားနားမှုများ ရှိနေကြောင်း တွေ့ ရလေသည် ။
အထက်ပါ ရာဇဝင်သမိုင်း မှတ်တမ်းများ၏ အလိုအားဖြင့် မော်လမြိုင်မြို့သည် တစ်ချိန်ကမြို့ကြီးပြကြီး များဖြစ်ခဲ့ပြီး အလွန်စည်ကားသော မင်းနေပြည်တော်ဖြစ်ခဲ့ဘူးသည်ဟု ဆိုလေသည် ။ မြို့သက်နှင့် ပတ်သက်၍ မော်လမြိုင်မြို့သည် နှစ်ပေါင်း (၁ဝဝဝ) ရှိပြီဟူ၍လည်း ကောင်း ၊ အချို့က မြို့သက်မှာ နှစ်ပေါင်း (၂ဝ၀ဝ) – ကျော်ရှိပြီဟူ၍ လည်းကောင်း ၊ အမျိုးမျိုးရေးသားခဲ့လေသည် ။
အထောက်အထား ခိုင်လုံစွာဖြင့် သာဓကတစ်ခု တင်ပြရလျှင် ကျိုက်သံလံဘုရားရင်ပြင်ပေါ်ရှိ ဦးထော် လေးရေးထိုးခဲ့သော ကျိုက်သံလံဘုရား ကျောက်စာ၏ အလိုအားဖြင့် သက္ကရာဇ် ၁၁၈၇ ခုနှစ် ၊ တန်ဆောင် မုန်းလပြည့်ကျော် (၁၂) ရက်နေ့ထိ မော်လမြိုင်မြို့တွင် နေအိမ်တစ်လုံးမျှ မရှိသေးဟု ဆိုထားလေသည် ။
မော်လမြိုင်မြို့သည် သမိုင်းဦးအစက မှတ်တမ်းတင်ထား ခြင်း မရှိခဲ့ခြင်းကြောင့် မြို့အမည် ခေါ်တွင်လာပုံမှာလည်း အမျိုးမျိုးပင် ဖြစ်လျှက်ရှိနေပေသည် ။ ရှေးအခါက မော်လမြိုင်ဒေသ ပတ်ဝန်းကျင်မှာ လူသူတစ်ဦးတစ်ယောက်မှ ပေါက်ရောက်ခြင်း မရှိပဲ စိမ်း တောကြီးမြိုင်ကြီးဖြစ်ခဲ့၍ ဥဒေါင်းတို့ လန်းစိုပြေလှသည့် တောကြီ ပျော်ရာ နေရာဒေသဖြစ်ခဲ့ဘူးသည်ဟု ဆိုကြသည်” နောင်အခါ မောရမြိုင်ဟု ခေါ်တွင်လာရာမှ ကာလရွှေ့ လျောပြီး “ မော်လမြိုင် ” ဖြစ်လာသည်ဟု ဆိုကြသည် (မွန်ဘုရင်အဆက်ဆက် အုပ်ချုပ်လာသည့်မြို့တစ်မြို့ဖြစ်သည်၊ မွန်ပေမူများတွင် မောရမြိုင်ဆိုသည့်အခေါ်အဝေါ်မတွေ့ရှိခဲ့ပေ-အယ်ဒီတာ)
လွန်လေပြီးသော ကာလက ရဟန္တာတစ်စုတို့ သည် မြတ်စွာဘုရား၏ သွားဓါတ်တော်ကို ဋ္ဌာပနာရန်အတွက် နေရာဒေသကို လိုက်လံရှာဖွေကြသောအခါ ကျိုက်သံလံတောင်ထိပ် တစ်နေရာကို အခက်အခဲနှင့် ပင်ပန်းကြီးစွာဖြင့် တွေ့ရှိခဲ့ကြလေသည် ။ ယင်းသို့နေရာ ကို” ပင်ပန်းကြီးစွာဖြင့် ရှာဖွေကြ၍ မောပန်းကြပြီး ခဏ အနားယူအပန်းဖြေသည့်နေရာကို မွန်ဘာသာ – ဒဵုငိန်မှိုင် ” ဟူ၍ခေါ်ဆိုကြလေသည် ။ ဒဵုငိန်မှိုင် ၏ မြန်မာ ဘာသာအဓိပ္ပါယ်မှာ “ မောလို့မှိုင် ” ဟူ၍ ဖြစ်လေသည် ယင်းနေရာကို မောလို့မှိုင်ဟု ခေါ်တွင်ရာမှ ကာလရွှေ့ လျောပြီး “ မော်လမြိုင် ” ဖြစ်လာသည်ဟု မှတ်တမ်းတင် သူတို့ကလည်း တင်ကြသည်။
သာသနာသက္ကရာဇ် ၁၅၇ ခုနှစ်တွင် ယခုမော် လမြိုင်တည်ရာအရပ်၌ မွန်ဘုရင် မိန်ပွန်ဒုရပ်သည် နန်း အသစ်တည်ထောင်ကာ “ ရမ္မဝတီ ၊ ရမ္မပူရ” အမည် ဖြင့် စိုးစံခဲ့ကြသည် ။ ကံအားလျော်စွာပင် မိန်ပွန်ဒုရပ် ဘုရင်သည် မျက်စိနှစ်လုံး အလင်းမရတော့ပဲ ကွယ်သွား လေသည် ။ ဘုရင်ကိုလည်း မွန်တို့က “ သမိင်မတ်လီု” ဟူ၍ ခေါ်တွင်ခဲ့ကြလေသည် ။ သမိန်မတ်လီု၏ မြန်မာဘာသာ အဓိပ္ပါယ်မှာ “ မျက်စိကန်းမင်း ” ဟူ ၍ဖြစ်လေသည် ။ ဘုရင်ကိုအစွဲပြုပြီး မြို့ကိုလည်း “ဍုင်မတ်မလီု”ဟု ခေါ်တွင်ခဲ့ကြောင်း ရေးသူကလည်း ရေးခဲ့ကြလေသည် ။
“မတ်မလီု” ဟု ခေါ်တွင်ခဲ့သည့် မော်လမြိုင်မြို့သည် စစ်ရေးစစ်ရာကြောင့် မြို့ပျက်စီးသွားသောအခါ အုပ်ချုပ်မည့်သူ မရှိတော့ပဲ မင်းမဲ့တိုင်းပြည်ဖြစ်နေသော အချိန်တွင် သာကီဝင်အမျိုးအနွယ်ထဲမှ ရာမညရာဇာ အမည်ရှိ မင်းသားတစ်ပါး တိုင်းခန်းလှည့်လည်ရင်း မော်လမြိုင်အနီးသို့ရောက်ရှိလာခဲ့သည် ။ ရာမညရာဇာကို ဘုရင်အဖြစ် ရွေးကောက်တင်မြှောက်ကြပြီး ပျက်စီးသွားသည့် နေရာတွင် မြို့သစ်နန်းသစ် ပြန်လည်တည်ဆောက်ကာ ရမ္မပူရ ၊ ရမ္မဝတီ အမည်ဖြင့် ယခင်က ခေါ်ဝေါ်ခဲ့သည့်အတိုင်း မှည့်ခေါ်ခဲ့ ကြသည်ဟု ဆိုသူတို့ကလည်း ဆိုကြလေသည်။
ရာမညရာဇာသည် ရုမ္မပူရ – ရမ္မဝတီကို စိုးစံ မင်းလုပ်ပြီးနောက် နတ်ရွာစံသောအခါ အိမ်ရှေ့မင်းသား ဖြစ်သူ မွတ်ပိရာဇာ (မတ်ပိရာဇာ) နန်းတက်လာခဲ့သည် ။ မွတ်ပိရာဇာ လက်ထက်တွင် တိုင်းပြည်အေးချမ်းခြင်း ၊ တိုးတက်ခြင်း သာယာဝပြောခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံမှ လိုလားနှစ်သက်ခြင်းမရှိ၍ သမီးတော်တစ်ပါးနှင့် မသန့် ရှင်းသောပုဝါတစ်ထည်ကို ဆက်သခဲ့လေသည် ။ ယင်း မသန့်ရှင်းသောပုဝါကို မွတ်ပိရာဇာ အသုံးပြုမိသောကြောင့် ဘုရင်နဖူးတွင်တည်ရှိခဲ့သော မှဲ့ရှင်မှာ ကွယ်ပျောက်သွား ခြင်းကို အကြောင်းပြု၍ မွန်ဘာသာဖြင့် “ မွတ်မယ်လိန်း-မတ်မလီု” ဟု ခေါ်ဆိုကြသည် ။ မွတ်မယ်လိန်း၏ မြန်မာဘာသာ အဓိပ္ပါယ်မှာ မျက်စိတစ်လုံး ပျောက်ကွယ်သောမင်းဟူ၍ ဖြစ်လေသည် ။ မြို့ကိုလည်း မွတ်မယ်လိန်းဟုခေါ်တွင်ခဲ့ ကြရာမှ မြန်မာလို “ မော်လမြိုင် ” ဖြစ်လာသည်ဟု ရေးသူတို့ကလည်း ရေးကြပြန်သည်။
သက္ကရာဇ် ၁၈၂၄ – ၂၆ ခုနှစ်တွင် အင်္ဂလိပ်မြန် မာ ပထမစစ်ပွဲဖြစ်ပွါးခဲ့ရာ မြန်မာဘက်မှ ရှုံးနိမ့်သွားခဲ့သည်။ ရန္တပိုစာချုပ်အရ တနင်္သာရီနှင့် ရခိုင်နယ်ကို အင်္ဂလိပ်တို့အား ပေးအပ်လိုက်သည် ။ မကြာမီအတွင်း တွင် မော်လမြိုင်သို့ စစ်ရေး ၊ စီးပွါးရေး ၊ အုပ်ချုပ်ရေး ဘာသာရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် နိုင်ငံ ခြားသားများ လာရောက်အခြေချ နေထိုင်ကြလေသည်၊
မော်လမြိုင်သို့ လာရောက်အခြေချ နေထိုင်ကြသော နိုင်ငံခြားသားတို့မှာ မော်လမြိုင်အမည်ကို ယခု လက်ရှိ အသုံးပြုရေးသားနေသော MOULMEIN ဟူသောစာလုံးပေါင်းဖြင့် အတည်တကျ ခေါ်ဝေါ်ရေးသား သုံးစွဲကြခြင်းမရှိပဲ တစ်ယောက်တစ်ပေါက် အသံထွက်သလို ပြောဆိုရေးသား သုံးနှုန်းလျှက် ရှိခဲ့ကြကြောင်း သိရှိရလေသည် ။ ထိုစဉ်အခါက မော်လမြိုင်အမည်ကို နိုင်ငံခြားသားတို့က အောက်ပါအတိုင်း ခေါ်ဝေါ်သုံးနှုန်း ခဲ့ကြလေသည် ။ ယင်းတို့မှာ
(1) MOVLMYNE (2) MEOLMEIN (3) MOVLMEYN (4) MOVLMEIN (5) MOVLMYN (6) MAVLMAIN (7) MOELMYNE (8)MOLAMYNE (9) MOLMYN (10) MAVLMAMYNE (11) MOYLYME (12) MAVLMAYNE
သို့ရာတွင် နိုင်ငံခြားသားတို့က မော်လမြိုင်မြို့ အမည်ကို အမျိုးမျိုးအဖုံဖုံ ခေါ်ဝေါ်ရေးသား သုံးနှုန်းနေ ခဲ့ကြသော်လည်း တနင်္သာရီတိုင်း မင်းကြီးရုံးလက်အောက်ရှိ အစိုးရဋ္ဌာနရုံးများနှင့် မော်လမြိုင်တွင် ထိုအခါက ထုတ်ဝေခဲ့ကြသော သတင်းစာများက တညီတညွတ် တည်းအသုံးပြုခဲ့ကြသောစာလုံးပေါင်းမှာ MAULMAIN ဟူ၍ ဖြစ်လေသည် ။ ၂ဝ ရာစုနှစ်ရောက်သည့်အခါမှထို စာလုံးပေါင်းကို မယူတော့ပဲ MOULMEIN ဟူ၍ ယခုလက်ရှိ သုံးစွဲနေသော စာလုံးပေါင်း ဖြစ်လာခဲ့လေသည် ။
ဤသည်တို့ကား မော်လမြိုင်နှင့် ပတ်သက်၍ အမည်ခေါ်တွင်လာပုံ အမျိုးမျိုး၏ အကြောင်းရပ်များပင် ဖြစ်ပေသတည်း ။
ခင်မောင်လွင်
၃ . ၁ . ၇၅ ရက်နေ့ထုတ် ၊ မွန်ပြည်နယ်နေ့ အထိမ်းအမှတ်စာစောင်မှ