ယခုအခါ ရွာသားတစ်ဦးတစ်လေမှ ကျန်ရှိမနေတော့သည့် ဓမ္မသတ်ကျေးရွာမီးလောင်ပြင်ကို မြင်တွေ့လိုက်ရသည်မှာ ဝမ်းနည်းစရာအဖြစ်ဆိုးကြီးပင်ဖြစ်ကြောင်း ယနေ့ညနေပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့သည့် ကော့ပလိုင်ဆရာတော် ဘဒ္ဒန္တကေတုမာလာက မိန့်ဆိုသည်။
ကော့ပလိုင်ဆရာတော်က “မီးလောင်ပြင်ကြီးကို တွေ့လိုက်ရတော့ အင်မတန့်ကို ဝမ်းနည်းရပါတယ်၊ ကြည့်လိုက်တော့ ဓမ္မသတ်ရွာသားတစ်ယောက်တစ်လေမှ မကျန်ရှိတော့ပါဘူး ဘေးလွတ်ရာကို အားလုံးထွက်ပြေးနေရတယ်၊ ကျန်နေတဲ့မီးတွေငြိမ်းဖို့အတွက် မြို့ပေါ်က မီးသတ်ကားတွေကို လာခွင့်မပြုဘူး၊ ဒီဘက်က ကော့ပလိုင်မီးသတ်ကား၊ တောကျောင်း(ဘာဂြိုပ်)၊ ကော့မိ၊ မင်းရွာ မီးသတ်ကားတွေရတယ် ဒါပေမယ့် ဒီကိုရောက်လာတော့ မင်းရွာက မီးသတ်ကားပျက်သွားပြန်ရော”ဟု မိန့်ဆိုသည်။
ယနေ့မွန်းလွဲပိုင်းအချိန်က အနီးတဝိုက်ကျေးရွာများမှ မီးသတ်ကားများဖြင့် ဓမ္မသတ်ကမ်းနားပိုင်းတွင် မီးကြွင်းမီးကျန်များကို လာရောက်ငြိမ်းသတ်ခဲ့ကြောင်း၊ ထိုသို့မီးကြွင်းမီးကျန်များ ငြိမ်းသတ်ပြီးလုဆဲ အခြေအနေတွင် ရွာလယ်ပိုင်းသို့ လက်နက်ကြီးတစ်လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့ရာ လူနေအိမ်များ မီးလောင်ကျွမ်းသည်ကို မြင်တွေ့နေရသော်လည်း မီးသတ်ကားများ သွားရောက်ငြိမ်းသတ်ပေးနိုင်ခြင်းမရှိဘဲ မိမိရပ်ရွာသို့ ပြန်လာခဲ့ရကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။
“ကမ်းနားပိုင်းက မီးတွေလည်းငြိမ်းသလောက်ဖြစ်နေပြီ လက်နက်ကြီးတစ်လုံး ရွာလယ်ပိုင်းမှာ ဝုန်းကနဲ ထပ်ကျလာတာနဲ့ အိမ်တွေ မီးဆက်လောင်ပြန်ရော၊ မီးသတ်ကားတွေ ဆက်မသွားရဲတော့ဘူး မီးကိုလည်း သွားပြီးမငြိမ်းရဲတော့ဘူး ရွာဘက်ကိုအပြေးပြန်လာရတော့တယ်၊ ရွာမှာကျန်နေတဲ့ အိမ်တွေအကုန်လုံးမီးလောင်ကုန်သွားတော့မှဘဲ သူ့အလိုလိုမီးငြိမ်းသွားမယ့် သဘောရှိတယ်၊ ဝမ်းနည်းစရာတွေပဲ”
ယနေ့နံနက်ပိုင်းနှင့်နေ့လယ်ပိုင်းအချိန်တွင် ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသတ်ကျေးရွာများအနီးတဝိုက်သို့ မြန်မာစစ်တပ်စစ်လေယာဥ်တစ်စီးက လှည့်လယ်ပျံသန်းခဲ့ပြီး မသကႅာသည့်နေရာများကို စက်သေနတ်များပစ်ခတ်သည့်အပြင် ဗုံးကြဲခဲ့ကြောင်း၊ စစ်လေယာဥ်အပြင် ရေတပ်မှလက်နက်ကြီးပါ ပစ်ခတ်မှုကြောင့် ဓမ္မသတ်ဂူနှင့်အနီးအနားတဝိုက်တွင် ရွာသားတစ်ထောင့်ငါးရာခန့် ပိတ်မိနေကြောင်း ဆက်သွယ်မေးမြန်းမှုအရ သိသည်။
မတ်လ (၂၇) ရက်နေ့က တိုက်ပွဲများဖြစ်ပေါ်နေခြင်းမရှိသော်လည်း မြန်မာရေတပ်မှပစ်ခတ်လိုက်သော အမြှောက်ဒဏ်ကြောင့် ကျိုက်မရောမြို့နယ် ဓမ္မသတ်ကျေးရွာကမ်းနားပိုင်းမှ စတင်၍ အိမ်ခြေ ၃၀၀ ဝန်းကျင်အထိ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း မြေပြင်သတင်းတိုက်ရိုက်ပေးပို့ချက်များအရ သိရသည်။