ကောင်းဝါ (အမြင်သုံးသပ်ချက်- ၆ ဇွန် ၂၀၂၃)
မိုင်းလားတွင်ပြုလုပ်ခဲ့သည့် ညီနောင်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နှင့် စစ်ကောင်စီ NSPNC တို့ကြား ၃ ရက်ကြာတွေ့ဆုံမည့် မျက်နှာချင်းဆိုင်ဆွေးနွေးပွဲကို ဇွန်လ ၂ ရက်တွင် မထင်မှတ်ဘဲ ရပ်တန့်လိုက်ပြီး နှစ်ဖက်အဆင်ပြေသည့်အချိန် ပြန်လည်တွေ့ဆုံကြရန် နှုတ်ဖြင့်ပြောဆိုခဲ့ကြသည်။
AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ TNLA ဒုဥက္ကဋ္ဌ တားခူးလန်၊ MNDAA ဒုဥက္ကဋ္ဌ ရန်ဝေကျုံး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များနှင့် စစ်ကောင်စီဘက်မှ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဦးခင်ဇော်ဦး (ဒုဗိုလ်ချုပ်ကြီး-ငြိမ်း)၊ တြိဂံတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေတို့ ပါဝင်ကြသည်။
အကောင်းဘက်က ရိုးရိုးလေးအပေါ်ယံဘက်က ကြည့်မည်ဆိုရင် ဆွေးနွေးပွဲအတွင်း နှစ်ဖက်ကိုယ်စားလှယ်များ၏ တောင်းဆိုချက်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းထံတင်ပြပြီး တဖက်နှင့်တဖက် အပြန်အလှန် လိုက်လျောနိုင်ပါက ပဏာမသဘောတူညီချက်ကို ရရှိနိုင်သည်ဟု မှတ်ချက်ပြုလိုသည်။
ညီနောင်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တို့၏ တောင်းဆိုချက်ကိုကြည့်ပါက NCA လက်မှတ်ထိုးအဖွဲ့များကို SAC ဘက်က လိုက်လျောပေးထားခဲ့သည့် အချက်များပင် ဖြစ်ပါသည်။
ဖမ်းဆီးထားသောသူများ ပြန်လွတ်ရေး၊ မတရားအသင်းမှ ပယ်ဖျက်ရေးနှင့် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများထံ “လူသားချင်း စာနာမှုအကူအညီများ” အဆင်ပြေစွာရောက်နိုင်ရေး စသည့် ညီနောင်တိုင်းရင်းသားမဟာမိတ် ၃ ဖွဲ့၏ တောင်းဆိုချက်တို့သည် ငြိမ်းချမ်းရေးသဘောတူချက်ရရှိပါက SAC ဘက်မှ မဖြစ်မနေ လုပ်ဆောင်ပေးရမည့်အချက်များသာဖြစ်သည်ဟု ရိုးရိုးလေး မြင်မိသည်။
တဖန် SAC စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်ဘက်က တင်ပြခဲ့သော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့်အချက်များသည်လည်း ခေတ်အဆက်ဆက်က တိုင်းရင်းသားခေါင်းဆောင်းများလိုလားတောင်ဆိုခဲ့သည့် နိုင်ငံရေးထွက်ပေါက်များပင် ဖြစ်ပါသည်။
ထို့ကြောင့် ဘက်နှစ်ဖက်၏ တောင်းဆိုချက်များကို ကြည့်ပါက ထူးမခြားနားသော ယခင်ငြိမ်းချမ်းရေးဆွေးနွေးပွဲအဆက်ဆက်တွင် ကြားဘူးနားဝရှိနေပြီးသော တဖက်နှင့်တဖက် အမြဲတမ်းတောင်းဆိုပြောဆိုခဲ့ကြဖူးသော အဖန်တရာထပ်နေသည့် ငြိမ်းချမ်းရေတောင်းဆိုချက်များသာ ဖြစ်နေသည်။
အမှန်တကယ် ယခုကဲ့သို့တောင်းဆိုချက်မျှသာဆိုလျင် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုတည်ဆောက်ပါက ငြိမ်းချမ်းရေးအထမြောက်နိုင်ပြီး မအောင်မြင်စရာအကြောင်း မရှိလှပေ။ `
ယခုဆွေးနွေးပွဲသည် နှစ်ဖက်ကိုယ်စားလှယ်တို့ အပြန်အလှန်တင်ပြတောင်းဆို နေကြသည်ဟုဆိုသည်ထက် ကြားဝင်ဆောင်ရွက်ပေးသော တရုတ်ဒိုင်လူကြီးထံ နှစ်ဖက်ကိုယ်စားလှယ်များ လာရောက်အစီရင်ခံတင်ပြနေကြသည်ဟုသာ တခြားရှုထောင့်ကနေ အသွင်တမျိုးမြင်နေမိပြန်သည်။
တရုတ်၏ဇာတ်ညွှန်းအရ မြောက်ပိုင်း ၇ ဖွဲ့အနက် UWSA ဝ၊ NDAA မိုင်းလား၊ SSPP ရှမ်းပြည်တိုးတက်ရေးပါတီနှင့် NSPNC တို့ သဘောတူညီချက်အချို့ရရှိထားပြီးဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) ၏ မြန်မာအစီအစဉ်ဆိုင်ရာ ဒါရိုက်တာ ဂျေဆင်တာဝါက “တရုတ်ဟာ သူ့ရဲ့ ပထဝီဝင်ဗျူဟာမြောက် စီးပွားရေး စီမံကိန်းတွေ ပြန်လည်စတင်နိုင်ဖို့အတွက် မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေလျှော့ချဖို့ မြောက်ပိုင်း ERO တွေကို စစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး လပေါင်းများစွာကတည်းက ဖိအားပေးနေတာပါ။ စစ်တပ်ဘက်မှာ တရားဝင်မှု ကင်းမဲ့နေတာကြောင့် တရုတ်ရဲ့ ဖိအားပေးခံနေရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာလည်း ခက်ခဲတဲ့ အနေအထားတရပ် ကြုံနေရပါတယ်” ဟု ပြောသည်။
ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွင် အမေရိကန်၏ သြဇာလွှမ်းမိုးမှု ကျဆင်းလာမှုသည် မြန်မာနိုင်ငံတွင် ၎င်း၏ ပရောဂျက်များကို အရှိန်မြှင့်ရန် တရုတ်နိုင်ငံအတွက် မျှော်လင့်မထားသော အခွင့်အလမ်းများကို မြင်တွေ့လာရသည့်အတွက် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတလျောက်တွင် သေနတ်သံများတိတ်ဆိတ်ရန် တက်ကြွစွာ လုပ်ဆောင်လျက်ရှိသည်။
မိုင်းလားအဖွဲ့၏ ငြိမ်းချမ်းရေးအကြံပေးလည်းဖြစ် မြန်မာ့နိုင်ငံရေးနှင့် တိုင်းရင်းသားအရေးသုတေသီလည်းဖြစ်သူ ဦးမောင်မောင်စိုးက “တရုတ်က လက်လည်းပါတယ် ခြေထောက်လည်းပါတယ်၊ အမေရိကန်က ပါးစပ်ပဲပါတယ်” ဟု မကြားသေးမီက ၄င်း၏ Facebook လူမှုကွန်ယက်တွင် မှတ်ချက်ပြုခဲ့သည်။
မိုင်းလားဆွေးနွေးပွဲမတိုင်မီ မေလ ၃၁ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်သည် SAC ဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးကို လာရောက်တွေ့ဆုံသလို မေလ ၃၀ ရက်တွင် တရုတ်နိုင်ငံ၏ ခေတ္တ စစ်ဘက်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် Major General Yang Yang နှင့် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နေပြည်တော်၌တွေ့ဆုံ၍ မေလ ၂ ရက်မှ ၅ ရက်ထိ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း နေပြည်တော်သို့ ရောက်လာပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့သည်ကိုကြည့်ပါက တရုတ်တို့၏ခြေလှမ်းသည် ယခင်ကထက် ပိုမို၍သွက်လက်မြန်ဆန်လာနေသည်။
သို့ဖြစ်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ညီနောင်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နှင့် NSPNC အခန်းက ခေတ္တယာယီပြီးဆုံးသွားပြီဟုသာ ယူဆစရာရှိပြီး ကျန်ရှိသေးသည့်ဇာတ်ဝင်ခန်းတွေအတွက် တရုတ်ဒိုင်လူကြီး မည်ကဲ့သို့ ဇာတ်ညွှန်းရေးဆွဲ၍ ချပြလာမည်ကို စောင့်ကြည့်စရာပဲ ကျန်ရှိပါတော့သည်။
# (ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များကို မတူညီသောအမြင်အမျိုးမျိုးဖြင့် ချဥ်းကပ်ရေးသားခြင်းဖြစ်ပါသည်)