ပြီးခဲ့သည့် မတ်လ (၆) ရက်နေ့ကတည်းက သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာ နှင့် အံခဲကျေးရွာတို့မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။
ကရုပ္ပိကျေးရွာနေ အသက် (၄၀) နှစ်အရွယ် နိုင်သန်းဇော်၊ အသက် (၅၀) နှစ်အရွယ် နိုင်အကျဲ နှင့် ၎င်းတို့၏ မိတ်ဆွေများဖြစ်ကြသည့် အံခဲကျေးရွာနေ အသက် (၄၀) နှစ်အရွယ် နိုင်ကွန်းတီး နှင့် နိုင်ကွန်းတင့် တို့ (၄) ဦးမှာ မတ်လ (၆) ရက်နေ့က ရှင်ပြုရဟန်းခံပွဲအတွက် ဟိုင်းဂျက်အမိုးဖွင့်ယာဉ်ဖြင့် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာတွင် ဆိတ်သွားဝယ်စဉ်၊ ရွာထိပ်တွင် တောင်ညိုစစ်ကြောင်း နှင့်တွေ့ရှိ ၎င်းတို့အား စစ်ဆေးခဲ့ရာမှ နိုင်သန်းဇော် ၏ လက်ကိုင်ဖုန်းအတွင်း ကရုပ္ပိစခန်းမှူး၏ ဖုန်းနံပါတ်တွေ့ရှိခဲ့သည့်အတွက် ၎င်းတို့ (၄) ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ပစ်လိုက်ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
“တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ က တပ်စုမှူး အရှည်ကြီး ဦးဆောင်တဲ့အဖွဲ့က ကရုပ္ပိ နဲ့ အံခဲရွာသား (၄) ယောက်ကို ဖမ်းခေါ်သွားတာလို့ သိရတယ်။ ပြီးတော့ တပ်စုမှူးနဲ့ သူ့တပည့်ဖြစ်တဲ့ ခေါခေါ ဆိုသူက သေနတ်နဲ့ပစ်သတ်လိုက်တာလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ကရုပ္ပိ နှင့် အံခဲကျေးရွာသား (၄) အား သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်စုမှူးအရှည်ကြီး အား တောင်ညိုစစ်ကြောင်း မှ ထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြု၍ မရသေးပေ။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသတ်ခံခဲ့ရသူ၏ မိသားစုဝင်တစ်ဦးမှ “ကျမတို့လိုချင်တာက အသတ်ခံခဲ့ရသူတွေရဲ့ မိသားစုတွေကို ကျေနပ်အောင်တောင်းပန်ဖို့ပါ။ အခုအချိန်အထိ တိုက်ရိုက်လာပြီးတောင်းပန်တာမျိုးမရှိဘူး။ သတ်ခဲ့တဲ့သူကို စစ်ကြောင်းကနေ ထုတ်ပယ်တဲ့ အပြစ်ပေးလိုက်တာမျိုးဘဲ ကြားရတယ်” ဟု ပြောကြားသည်။
ကရုပ္ပိကျေးရွာနေ နိုင်သန်းဇော် ဆိုသူမှာ မွန်ပြည်သစ်ပါတီလက်အောက်ရှိ လယ်ယာဥယျာဉ်ခြံအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ နိုင်အကျဲ ဆိုသူမှာ သာမန်အရပ်သားတစ်ဦးဖြစ်ကြောင်း၊ အံခဲကျေးရွာနေ နိုင်ကွန်းတီ နှင့် နိုင်ကွန်းတင့် တို့နှစ်ဦးမှာ ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများဖြစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။
လတ်တလော မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံမှ ဝင်ထွက်သွားလာ လှုပ်ရှားနေကြသည့်အတွက် ယခုကဲ့သို့ အကြောင်းအရင်း မရှိ လူပျောက်ဆုံးနေခြင်းကြောင့် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ မြင့်တင်လျှက်ရှိကြောင်း သိရသည်။