မြန်မာ ဘုရားသုံးဆူနယ်စပ်နှင့် ထိစပ်နေသော ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ် စံခလပူရီမြို့နယ်၌ ယခု ၄ ရက်အတွင်း တရားမဝင်မြန်မာအလုပ်သမား ၇၇ ယောက် ဖမ်းဆီးမိထားကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။
စံခလပူရီမြို့နယ် အမှတ် ၄ ရပ်ကွက်ရှိ ရာဘာခြံတစ်ခုမှ ထွက်လာသော Isuzu D-Max နှစ်ထပ်ပြုလုပ်ထားသည့် ပစ်ကပ်ထရပ်ကားပေါ်မှ လိုက်ပါလာသော အမျိုးသမီး ၁၅ ယောက်နှင့် အမျိုးသား ၂၉ ဦးအပါအဝင် လူပေါင်း ၄၄ ယောက်ကို လုံခြုံရေးတပ်ဖွဲ့က ယနေ့ (မတ်လ ၂၅ ရက်) နံနက်စောစောတွင် ဖမ်းဆီးရမိခဲ့ကြောင်း စံခလပူရီ ရဲအရှာရှိတစ်ဦးက ဒေသခံသတင်းထောက်များကို ပြောကြားသည်။
ဖမ်းဆီမိသော တရားမဝင်အလုပ်သမားများ၏ ထွက်ဆိုချက်အရ ၄င်းတို့သည် တိုင်းရင်းသားဖြစ်ကြောင်း၊ ရန်ကုန်၊ နေပြည်တော်နှင့် မော်လမြိုင်မြို့မှ လာရောက်ကြောင်း၊ မြန်မာအစိုးရတွင် စစ်မှုထမ်းခြင်းမှ ရှောင်ရှားလာသူများ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်းဝင်ရောက်အလုပ်လုပ်နိုင်ရန် နေရာအနီးအဝေးအလိုက် အကွာအဝေးပါ်မူတည်ပြီး လူတစ်ဦးလျင် အနည်းဆုံး ဘတ် ၁၂၀၀၀ မှ ၃၀၀၀၀ အထိ ပွဲစားကို ပေးခဲ့ရကြောင်း ရဲအရာရှိက ပြောကြားသည်။
ယမန်နေ့ (မတ် ၂၄) ည ၉ နာရီအချိန်ကလည်း စံခလပူရီ အမှတ် ၈ ရပ်ကွက်မှ အမှတ် ၂ ရပ်ကွက် လှေဆိပ်သို့အသွား မီးခိုးရောင် မစ်ဆူဘီရှီ ပစ်ကပ်ထရပ်ကားပေါ်မှ အသက် ၂၂ -၃၀ နှစ်ကြား တရားမဝင်မြန်မာအလုပ်သမား အမျိုးသား ၁၁ ဦးတို့ကို ရဲလုံခြုံရေးလှည့်ကင်းက ဖမ်းဆီးရမိခဲ့သည်။
အလားတူ မတ် ၂၃ ရက်နေ့က အသက် ၁၈ နှစ်မှ ၃၉ နှစ်ကြားရှိ မြန်မာနိုင်ငံသား(ကျား ၃၊ မ ၅) ၈ ဦးနှင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၅ ဦး၊ မတ် ၂၂ ရက်ညနေပိုင်းက ရာဘာခြံတစ်ခုတွင် ပုန်းအောင်းနေသည့် အသက် ၂၀ မှ ၃၈ နှစ်ကြားရှိ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၇ ဦး အပါအဝင် လိုက်ပို့သူလမ်းပြတစ်ဦးနှင့်အတူ ဖမ်းဆီးရမိသူအားလုံးကို လဝကဌာနသို့ လွှဲပြောင်းကာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်က သတင်းထောက်များကို ရှင်းလင်းပြောကြားသည်။