ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရှိ ရဲစခန်းအား ယမန်နေ့က မွန်၊ ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခဲ့ရာတွင် ယနေ့နေ့လယ်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဥ်အတွင်း မြန်မာစစ်တပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ ပြောခွင့်ရ နိုင်ဗညားမွန်က ပြောသည်။
“လေယာဥ် ဗုံးလာကြဲနေတုန်းပဲ၊ ရေတပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတယ် လက်နက်ချစာရင်း အတည်မပြုနိုင်သေးဘူး၊ အသေးစိတ်စာရင်း မရသေးပါဘူး- ပထမ ၄ ယောက်လက်နက်ချတာ သိရတယ်” ဟု ပြောသည်။
သို့ရာတွင် အဆိုပါလက်နက်ချသည့်ဖြစ်စဥ်အား မြန်မာတာဝန်ရှိသူများထံမှ Kawao Newsgroup မှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
မွန်ပြည်သစ်ပါတီ AD နှင့် MLA၊ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်ဖွဲ့ ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်းတို့ ပါဝင်ကြောင်း သိရသည်။
မြန်မာစစ်တပ်မှ လေကြောင်းဖြင့်လည်းကောင်း၊ ရေတပ်မှလည်းကောင်း ကော့ဘိန်းရွာနှင့် အနီးတဝိုက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသလို ကော့ဘိန်းသို့ ဝင်ရောက်နိုင်မည့် လမ်းကြောင်းများကို မြန်မာစစ်ကူများ မလာရောက်နိုင်ရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဖြတ်တောက်ပိတ်ဆို့ထားကြောင်း ရွာသားများက ပြောသည်။
ကော့ဘိန်းရွာသားအများစုမှာ ဘေးလွတ်ရာ မော်လမြိုင်မြို့နှင့် အခြားရွာများရှိ ဘုန်းကြီးတော်ကြီးကျောင်းများသို့ ထွက်ပြေးနေရကြောင်း မြေပြင်သတင်းများအရ သိရသည်။
Photo-NMSP(AD)