ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းအား ယမန်နေ့ မတ်လ (၂၄) ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ရာ၊ ယနေ့ မတ်လ (၂၅) ရက်တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ထိုတိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ဒရုန်း များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်သလို၊ စစ်ကောင်စီတပ်ဘက်မှလည်း လေကြောင်းမှ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဒရုန်းတက်လာပြီး ရဲစခန်းကို ဗုံးကြဲလိုက်။ ရဟတ်ယာဉ်ကလာပြီး ရဲစခန်းပတ်ပတ်လည်ကို ပစ်လိုက်နဲ့ တစ်လှည့်စီပစ်နေကြတာ။ မနေ့ကတော့ ရွာသားနှစ်ယောက်ထိသွားတယ်။ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ လက်နက်ကြီးထိထားတယ်။ ဒီနေ့မနက်ပိုင်းကနေ မွန်းလွဲပိုင်းအထိကို ပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ယနေ့ မတ်လ (၂၅) ရက်နေ့ မနက် (၉)နာရီအချိန့်ခန့်တွင် ကော့ဘိန်းကျေးရွာအတွင်း ပိတ်မိနေကြသည့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခွင့်ရသွားကြောင်း နှင့် ရွာအတွင်း၌ အစောင့်အဖြစ် ဒေသခံအနည်းငယ်သာကျန်ရှိတော့ကြောင်း ၎င်းဒေသခံကဆိုသည်။
“အဓိကက မီးလောင်မှုတွေမဖြစ်ဖို့ ဆုတောင်းရမှာဘဲ။ မီးလောင်ရင်တော့ ကုန်မှာ။ ရဟတ်ယာဉ်နဲ့ကလည်း ဆက်တိုက်ပစ်နေသလို၊ PDF အဖွဲ့တွေကလည်း အောက်ကနေ ရဟတ်ယာဉ်ကို စက်သေနတ်နဲ့ပြန်ပစ်တာမျိုးရှိတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ကော့ဘိန်းကျေးရွာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကော့ဘိန်းကျေးရွာအပြင်၊ မင်းရွာ၊ ဓမ္မသ၊ တရနာကျေးရွာများမှ ဒေသခံများလည်း စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။