(၃-၁-၈၅) ရက်နေ့ထုတ် မွန်ပြည်နယ်နေ့အထိမ်းအမှတ်စာစောင်မှ ဆောင်းပါးကို ပြန်လည်ဖော်ပြသည်။
ဗမာများသည် အခြားသောဘာသာစကားလုံးများကို ယူငင်သုံးစွဲသည့်အခါ မိမိဘာသာစကား၌ အဓိပ္ပါယ်တူသော စကားလုံးမရှိလျင် ယင်းဘာသာခြား ပင်ရင်းစကားလုံးအတိုင်း သုံးစွဲလေ့ရှိကြသည်၊ ဥပမာ- မော်တော်ကား၊ မော်တော်ဘုတ်၊ တာယာ၊ ဒရိုင်ဘာ၊ စပါယ်ယာ၊ ပယ်နယ်လတီ၊ ကော်နာ၊ ကော်မတီ၊ ကော်မရှင်ဟူသော အင်္ဂလိပ်တို့၏ဝေါ ဟာရစကားလုံးများကို သူ့အတိုင်းသုံး၏၊
မိမိဘာသာစကား၌ အဓိပ္ပါယ်တူသော စကားလုံးရှိလျင် ရှေ၌ဖြစ်စေ၊ နောက်၌ဖြစ်စေ၊ ယှဉ်တွဲသုံးလေ့ရှိ၏၊ ဥပမာ- ဆင်းရဲဒုက္ခ၊ ချမ်းသာသုခ၊ ဂုဏ်ကျေးဇူး စသည်များသည် အောက်ပါ ပါဠိနှင့် ဗမာစကားလုံးများဖြစ်သည်ကို တွေ့ရပေသည်။
(၁) ဆင်းရဲဒုက္ခ ။ ဆင်းရဲ(ဗမာ)+ဒုက္ခ(ပါဠိ)
(၂) ချမ်းသာသုခ။ချမ်းသာ(ဗမာ)+သုခ(ပါဠိ)
(၃) ဂုဏ်ကျေးဇူး။ဂုဏ်/ဂုဏ(ပါဠိ)+ကျေးဇူး(ဗမာ)
အထက်ပါ ပါဠိစကားလုံးနှင့်ဗမာစကားလုံးများကို ရှေနောက်ပြောင်းပြန်ထား၍ ဥပမာ(ဆင်းရဲဒုက္ခ) အစား (ဒုက္ခဆင်းရဲ)၊ (ချမ်းသာသုခ) အစား(သုခချမ်းသာ)(ဂုဏ် ကျေးဇူး)အစား(ကျေးဇူးဂုဏ်)ဟု သုံးလျင် အဓိပပ္ပါယ် အ ပြောင်းအလဲမရှိပေ၊ တဖန်ပါဠိနှင့်ဗမာကိုပိုင်း၍သုံးလျင်လည်း အဓိပ္ပါယ်မပျက်ပါ၊ ဥပမာ- ဆင်းရဲ၏၊ ဒုက္ခရောက်၏၊ ချမ်းသာ၏၊ သုခဖြစ်၏၊
သိုသော် ဂုဏ်ကျေးဇူး ဝေါဟာရကို နှစ်ပိုင်းပိုင်း၍ ဂုဏ်ရှိ၏ ၊ကျေးဇူးရှိ၏ ဟုဆိုသောအခါ အဓိပ္ပါယ်မတူညီတော့သည်ကို သတိပြုရာ၏၊ အကြောင်းကား ဂုဏ်ကျေးဇူး သိုမဟုတ်ကျေးဇူးဂုဏ်ဟူသော စကားလုံးကား ပါဠိဗမာပိုင်းခြား၍ မရနိုင်ကောင်းတော့သော ဗမာ့ဝေါဟာရအဖြစ်သို့ ရောက်ရှိနေသောကြောင့်ပင်တည်း။
ဂုဏ်ရှိသည်ဟူသည်မှာ ဂုဏ်သိက္ခာရှိသည်၊ ဂုဏ်ကြက်သရေရှိသည်ဟူသော အဓိပ္ပါယ်ကိုဆောင်သည်၊ ဆွေဂုဏ်၊ မျိုးဂုဏ်၊ ဓနဂုဏ်။ ပညာ ဂုဏ်စသည်များ၊ ဂုဏ်သိန်၊ ဂုဏ်ဒြပ်၊ ဂုဏ်မာနစသည်များ ယှဉ်တွဲရာ စကားလုံးဝေါဟာရကိုလိုက်၍ အဓိပ္ပါယ်ပြောင်းလဲသွားသည်။
ထိုအတူ အင်္ဂလိပ်စကားလုံး များကိုလည်း အောက်ပါအတိုင်းသုံးစွဲနေကြသည်ကို တွေ့ရပေမည်။
(၁) တန်ခိုးပါဝါ။ တန်ခိုး(ဗမာ)+ ပါဝါ(အင်္ဂလိပ်)
(၂) ပေါင်တာမှုန့်။ ပေါင်တာ(အင်္ဂလိပ်)+ မှုန့်(ဗမာ)
(၃)ကိတ်မုန့်။ ကိတ်(အင်္ဂလိပ်)+ မုန့်(ဗမာ)
အထက်ပါစကားလုံးတွင် (တန်ခိုးပါဝါ) အစား (ပါဝါတန်ခိုး)ဟူ၍သုံးပါသော်လည်း အဓိပ္ပါယ်မပျက်သည့် နည်းတူ၊ သည်အရာရှိ အလွန်တန်ခိုးပြသည်၊ သို့မဟုတ် သည်အရာရှိ အလွန်ပါဝါပြသည်ဟု သုံးသော်လည်းအဓိပ္ပါယ် အတူတူပင်ဖြစ်သည်။
သို့သော် (ပေါင်တာမှုန့်) ကို (မှုန့်ပေါင်တာ) ဟူ၍လည်းကောင်း၊ (ကိတ်မုန့်) ကို (မုန့်ကိတ်) ဟူ၍လည်းကောင်း ပြောင်းပြန်ကား မသုံးနိူင်သည့်အပြင် (ပေါင်တာမှုန့်)ကို (ပေါင်တာ) တခြား (မှုန့်) တခြားစီခွဲ၍လည်းကောင်း၊ (ကိတ်မုန့်) ကို (ကိတ်) တခြား (မုန့်) တခြားစီ ခွဲ၍လည်းကောင်း သုံးပါက ဆိုလိုရင်းအဓိပ္ပါယ် မသက်ရောက် သည်ကိုတွေ့ရပါသည်။ အကြောင်းကား( ပေါင်တာမှုန့်) နှင့်(ကိတ်မုန့်) စကားလုံးများသည် အင်္ဂလိပ်နှင့် ဗမာတခြားစီပိုင်းပြီး သုံးစွဲ၍မရနိုင်အောင် ဗမာစကားအဖြစ်သို့ရောက် ရှိနေသောကြောင့်ပင် ဖြစ်လေသည်။
အလားတူပင် မွန်စကားလုံးများကို ဗမာစကားလုံးများနှင့် ယှဉ်တွဲသုံးနေသောအောက်ပါ (နာမ်) များကို လေ့လာတွေ ရှိပါသည်။
(၁) ရွှေအိမ်နန်း။ ရွှေအိမ်(ဗမာ)+ နန်း(မွန်)
(၂) ကတော်မယား။ ကတော်(မွန်)+ မယား(ဗမာ)
(၃) ဘိနပ်ခြေနင်း။ ဘိနပ်(မွန်)+ ခြေနင်း(ဗမာ)
(၄) စရည်းအိုး။ စရည်း(မွန်)+ အိုး(ဗမာ)
(၅) တကဲပန်း။ တကဲ(မွန်)+ ပန်း(ဗမာ)
(၆) လိပ်စာ။ လိပ်(မွန်)+ စာ(ဗမာ)
(၇) အိတ်ထောင်။ အိတ်(ဗမာ)+ ထောင်/ထိုင်(မွန်)
(၈) အုတ်ကြွပ်။ အုတ်(ဗမာ)+ ကြွပ်/ကြောပ်(မွန်)
အထက်ပါစကားလုံးများကို လေ့လာပါက အဓိပ္ပါယ်တူသော မွန်စကားလုံးများနှင့် ဗမာစကားလုံးပေါင်းစပ်လျက် ဗမာဝေါဟာရ(နာမ်)စကားလုံးများအဖြစ် သုံးစွဲလျက်ရှိသည်ကို တွေ့ရပါမည်၊ အမှတ်စဉ်(၁) မှ (၄)အထိ ဝေါဟာရ တခုခုကို မွန် ဗမာ နှစ်ပိုင်းပိုင်းပြီးတစ်ပိုင်းစီ ခွဲခြား၍သုံးသော် အဓိပ္ပါယ်အပြောင်းအလဲမရှိပါ။
ဥပမာ (ရွှေအိမ်)နှင့်(နန်း)၊ (ကတော်)နှင့်(မယား)၊ (ဘိနပ်)နှင့်(ခြေနင်း)၊ (စရည်း)နှင့် (အိုး) ဟူ၍ ပိုင်းပြီး သုံးစွဲလျင်တူညီသော အဓိပ္ပါယ်ကိုပင်ဆိုကြောင်း သိနိုင်သည်။
သို့သော် အမှတ်စဉ်(၅) မှ (၈) အထိ ဝေါဟာရ စကားလုံးများအနက် ဝေါဟာရတစ်ခုစီကို မွန်ဗမာနှစ်ပိုင်း ပိုင်း၍ သုံးသော် ဗမာဘာသာအရ အဓိပ္ပါယ်တူမရသည့်အပြင် မူလမွန်စကားလုံးမှာ ဗမာလိုဘာမျှ အဓိပ္ပါယ်မရှိခြင်း၊ ဗမာလို အခြားအဓိပ္ပါယ်သို့သက်ရောက်ခြင်း စသည်များ ဖြစ်လာသည်ကိုတွေ့ရ၏။
ဥပမာ-(တကဲ) နှင့် (ပန်း)၊ (လိပ်) နှင့်(စာ)၊ (အိတ်)နှင့်(ထောင်)၊ (အုတ်)နှင့်(ကြွပ်) ဟူ၍ပိုင်းခြား လေ့လာသောအခါ ဗမာလို အနက်အဓိပ္ပါယ်မထင်သော အပိုင်းသည် မွန်ဘာသာဖြင့် ယင်းအနက်အဓိပ္ပါယ်နှင့်ထပ် တူနေသည်ကိုတွေ့ရပါသည်။
သို့ဖြစ်ရသည်မှာ တကဲပန်း လိပ်စာ၊ အိတ်ထောင်၊ အုတ်ကြွပ်ဟူသော ဝေါဟာရတိုမှာ ခွဲခြား၍ ပိုင်းခြား၍ မရနိူင်ကောင်းတော့သော ဗမာ့ဝေါဟာရ အဆင့်သို. လုံးလုံးလျားလျားပြောင်းလဲသွားသည့် မွန်- ဗမာ နှစ်ဘာသာဝေါဟာရများ ဖြစ်လေသည်။
ထိုနည်းတူ မွန်စကားလုံးများဖြင့် ယှဉ်တွဲသုံးစွဲနေသော အောက်ပါ ဗမာ့ဝေါဟာရ(ကြိယာ)များကို တွေရှိရလေ သည်။
(၁) ကျရှုံး။ ကျ-ကယ(မွန်)+ ရှုံး(ဗမာ)
(၂) ထူးခြား။ ထူး-(ဗမာ)+ခြား-ခရာ(မွန်)
(၃) ကြုံးဝါး။ကြုံး-ကြီု(မွန်)+ ဝါး- ဝါ(ဗမာ)
(၄) မြည်တွန်။ မြည်(ဗမာ)+တွန်-ေဒါန်(မွန်)
(၅) ချွတ်ယွင်း။ ချွတ်(ဗမာ)+ ယွင်း/ယောင် (မွန်)
ဘာသာစကားအရ မွန်တိုသည် သြစတြိတ်မျိုးရိုးဖြစ်၍ ဗမာတို့မှာ တိဗက်တရုတ်မျိုးရိုးဖြစ်လေရာ မွန်နှင့်ဗမာတို့ကား အနွယ်များမဟုတ်လင့်ကစား နှစ်ပေါင်းရာထောင်ချီကာ တစ်မြေတည်းနေ တစ်ရေတည်းသောက်သော တိုင်းရင်းသားများဖြစ်ကြသည့်အားလျော်စွာ အချိုသောစကားရပ်ကို ဗမာစကားလော မွန်စကားလောဟု ခွဲခြားရန်ခက်လှ၏။ ဗမာ့စကားဝေါဟာရ စာပေတို့တွင် ပါဠိ၊ မွန်စသည့်ဝေါဟာရများ ရှေးမဆွကပင် ပါဝင်ရောနှောလာသည့်နည်းတူ နောက်ပိုင်း တိုင်းတပါးလက်အောက်ခံဘဝ၌ အင်္ဂလိပ်စကား ဝေါဟာရများပါ ပါဝင်ရောနှောလာပါသည်။ အခြားသော မြန်မာ့တိုင်းရင်းသားအပေါင်းတို့၏ ဘာသာစကားများသည်လည်း ခေတ်ကာလဒေသကိုလိုက်ပြီး ဗမာ့စကား စာပေဝေါဟာရအတွင်း ပါဝင်ရောနှောနေမည်ပင် ဖြစ်သည်။
ထိုကြောင့် ယနေ့မြန်မာစကား၊ မြန်မာ့ဝေါဟာရ၊ မြန်မာ့စာပေတို့သည်ကား (ဗမာတမျိုးတည်းပိုင်မဟုတ်တော့သော) ပြည်တောင်စုဘွားအားလုံးသော ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရှမ်း၊ ရခိုင်စသည့်တိုင်းရင်းသားအနွယ်ဝင် အားလုံးတို့ ပိုင်ဆိုင်သော ဘုံစကား၊ ဘုံဝေါဟာရ၊ ဘုံ စာပေပင်ဖြစ်ပါကြောင်း။