ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူနှင့် ထိစပ်နေသော ကန်ချနဘူရီပြည်နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၁၀၀) ကျော်ဖမ်းဆီးခံထားရကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
ပြီးခဲ့သည့် မတ်လ (၁၉) ရက် မနက်အစောပိုင်းအချိန်က ထောင်ဖာဖွန်စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသားယာဉ်မောင်းနှင့်အတူ အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၂၀) ဦးအား ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည့်အပြင် နောက်ထပ် အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၃၃) ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ကန်ချနဘူရီပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အလားတူ စံခလပူရီခရိုင် နောင်လူကျေးရွာအုပ်စုအတွင်း ပုန်းအောင်းနေကြသည့် နောက်ထပ် အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၅၀) ကျော်ကိုလည်း နယ်ခြားစောင့်တပ်များက ဖမ်းဆီးနိုင်ခဲ့ကြောင်း နှင့် တစ်ရက်တည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၁၀၀) ကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟု ကန်ချနဘူရီခရိုင်ရဲတပ်ဖွဲ့က ဆိုသည်။
စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှ ထိုင်း – မြန်မာနယ်စပ်သို့အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာကြသူများ ရှိခဲ့ကြသော်လည်း စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းပြီးနောက်ပိုင်းတွင် နယ်စပ်သို့ ယခင်ကထက်အဆပေါင်းများစွာ ရောက်ရှိလာနေကြသည်ဟု အလုပ်သမားပွဲစားတစ်ဦးက ပြောသည်။
“မြန်မာပြည်တွင်းကလူတွေ နယ်စပ်တွေကိုရောက်လာကြတာကို ထိုင်းဘက်ကလည်း သိတယ်။ အဲ့ဒီတော့ သူတို့က တရားမဝင် ဝင်ရောက်လူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် လုံခြုံရေးတွေတိုးမြှင့်ထားကြတယ်။ အဲ့ဒီအခြေအနေမှာ ကိုယ်ပြည်တွင်းကလူတွေကိုလည်း မြန်မာနိုင်ငံကနေထွက်ရရင်ပြီးရောသဘောမျိုးနဲ့ နည်းလမ်းပေါင်းစုံနဲ့ ထွက်ကြတော့၊ တချို့လည်း ပွဲစားကလိမ်သွားလို့ ဟိုမရောက်ဒီမရောက်ဖြစ်နေကြသူတွေရှိကြလို၊ တချို့လည်း ထိုင်းဘက်ခြမ်းရောက်ပြီးမှ အဖမ်းခံရတာမျိုးတွေရှိတယ်။ အခုတလောမှာ ထိုင်းဘက်က တော်တော်များများဖမ်းထားတယ်လို့ ကြားသိရနေတယ်”
ယခင်က ထိုင်းနိုင်ငံဘက်ခြမ်းတွင် အလုပ်လုပ်ရန်အတွက်သာ သွားရောက်ကြသူများရှိခဲ့သော်လည်း စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်း ဥပဒေအသက်သွင်းပြီးနောက်ပိုင်း လူငယ်အတော်များများ နယ်စပ်မြို့များသို့ ရောက်ရှိလာကြကြောင်းလည်း ၎င်းကဆိုသည်။
အလားတူ ထိုင်း – မြန်မာ နယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့၏ တစ်ဖက်ကမ်း တာ့ခ်ခရိုင် ဖွတ်ဖရမြို့နယ်အတွင်းမှာလည်း မတ်လ (၁၉) ရက်နေ့က တရားမဝင် ဝင်ရောက်လာကြသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၄၀) ဦးအား ဖမ်းဆီးရမိထားကြောင်း ဖွတ်ဖရ ရဲစခန်းက သတင်းထုတ်ထားကြောင်း၊ ထိုင်း – မြန်မာနယ်စပ်တလျှောက်တွင် တစ်ပတ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၅၀၀) ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ထိုင်းဘက်မှ လာသည့်သတင်းများအရ သိရသည်။