စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေသည် တိုင်းပြည်နှင့် လူငယ်တို့အတွက် အကျိုးယုတ်စေသည့်လုပ်ရပ်သာ ဖြစ်သည့်အတွက် စစ်မှုထမ်းရန်ဆောင်ရွက်နေသူများကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) က ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ယနေ့ မတ်လ (၁၅) ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။
စစ်မှုထမ်းရန်အတွက် ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့က ရွာကြီး၊ ရွာငယ်ပေါ်မူတည်ပြီး တစ်ရွာလျှင် (၂) ဦးမှ (၁၀) ဦးကို ရပ်ကျေးအုပ်ချုပ်ရေးမှူးက ရွေးချယ်ပြီး မတ်လ (၂၀) ရက်နေ့ နောက်ဆုံးထား ပေးပို့ရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။
ကျိုက်မရောမြို့နယ်အတွင်း လူ (၁၀၀) ဦး ပေးပို့ရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို မတ်လ (၁၃) ရက်နေ့က ကျိုက်မရောမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ ညွှန်ကြားထားကြောင်း၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီ ညွှန်ကြားထားသည့်အတိုင်း မလုပ်ဆောင်ရန် ယနေ့ မတ်လ (၁၅) ရက်နေ့စွဲဖြင့် အမိန့်ကို NMSP(AD) က အမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မွန်ပြည်နယ်တွင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သည့်လူငယ်များကို မတ်လကုန် နောက်ဆုံးထားပြီး အမည်စာရင်းပေးပို့ရန် စစ်ကောင်စီက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ ညွှန်ကြားထားကြောင်း၊ တစ်လလျှင် လူငယ် ၅၀၀ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောကြားခဲ့သည်။
စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် (၁) ကို လာမည့် သင်္ကြန်အပြီး စတင်သွားဖြစ်ပြီး တစ်လလျှင် လူ ၅၀၀၀၊ တစ်နှစ်လျှင် လူ ၆၀၀၀၀ ခေါ်ယူသွားမည်ဟု ထုတ်ပြန်ထားသလို ရန်ကုန်နှင့် နေပြည်တော်တို့တွင် စစ်မှုထမ်းရန် အကျုံးဝင်သူများကို စတင်ခေါ်ဆောင်နေပြီး အခြားတိုင်းနှင့် ပြည်နယ်တို့တွင်လည်း စစ်မှုထမ်းသူများ စာရင်းကောက်ယူနေသည်ဟု သိရသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အမျိုးသားများသည် အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ၊ အမျိုးသမီးများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ စစ်မှုထမ်းရမည်ဟု ပြဌာန်းထားပြီး လတ်တလောမှာတော့ အမျိုးသမီးများကို ခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း စစ်ကောင်စီက ကြေညာထားသည်။