မုဒုံမြို့နယ် နှီးပဒေါကျေးရွာနှင့် ကွမ်လှာကျေးရွာကြား မုဒုံ – သံဖြူဇရပ်ကားလမ်းတွင် ယမန်နေ့ မတ်လ (၁၄) ညပိုင်းက ကမာဝက်စခန်းမှူးကားပစ်ခတ်ခံရပြီး၊ သံဖြူဇရပ် စရဖ ဗိုလ်ကြီးကား မီးရှို့ခံရကာ သံဖြူဇရပ်တိုးဂိတ်ဝန်ထမ်း (၁) ဦးသေဆုံးကြောင်း သတင်းရရှိသည်။
ယမန်နေ့ မတ် ၁၄ ရက် ညနေ့ ၆ နာရီ ၄၅ မိနစ်ခန့်က သံဖြူဇရပ်မြို့ဘက်မှ ကမာဝက်မြို့ဘက်သို့ ကမာဝက်စခန်းမှူး မောင်းနှင်လာသောကားအား နှီးပဒေါနှင့်ကွာလှာကြား မုဒုံ – သံဖြူဇရပ်လမ်းမပေါ်တွင် မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)မှ ပစ်ခတ်ခဲ့သည်။
“ကမာဝက်စခန်းမှူး ကွမ်လှာရွာမှအမှုစစ်ပြီးအပြန် လမ်းမှဆိုင်ကယ် (၂) စီးတိုက်မိတာတွေ့လို့ လဲနေတဲ့ဆိုင်ကယ်ကိုဝင်ထူတာ မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)ရောက်လာပြီး စခန်းမှူးကားထဲမှရှိနေတယ်ထင်ပြီးပစ်တာ စခန်းမှူးကတော့ လွတ်သွားတယ်” ဟု ကမာဝက်စခန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ကမာဝက်စခန်းမှူးကားပေါ်မှ M22 ၁ လက်၊ ကျည်တောင့် ၂၀၀၊ ကျည်ဘောက် ၁ ခုတို့ကို မွန်ပြည်သစ်ပါတီ(အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) က ယူဆောင်သွားသည်ဟု ၎င်းကဆိုသည်။
ထို့နောက် ညပိုင်းတွင် အခင်းဖြစ်ရာသို့လာကြည့်သည့် သံဖြူဇရပ် စရဖ ကားအား မွန်ပြည်သစ်ပါတီ(အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) မှဝိုင်းဝန်းပစ်ခတ်ရာ စရဖနှင့်စစ်တပ်တို့ထွက်ပြေးသွားသဖြင့် ကျန်ရှိနေသည့် စရဖ ကားအား မွန်ပြည်သစ်ပါတီ(အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) မှ မီးရှို့လိုက်သည်ဟု ဒေသခံများထံမှ သိရှိရသည်။
ကားမီးရှို့ထားသည်ကို မော်လမြိုင်မှ အပြန်ဝင်ရောက်ကြည့်ရှုသည့် သံဖြူဇရပ်တိုးဂိတ်မှ မန်နေဂျာကိုလည်း မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) မှပစ်ခတ်ရာ ကျည်ထိမှန်သေဆုံးသွားခဲ့သည်ဟု ဒေသခံများကဆိုကြသည်။
လက်ရှိတွင်အခင်းဖြစ်သည့်နေရာတွင် စစ်ကောင်စီတပ်မှ နယ်မြေရှင်းလင်းမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။