မတ်လ (၁၄) ရက် ည (၆) နာရီ (၄၅) မိနစ်အချိန်ခန့်က မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ကမာဝက်နယ်မြေရဲစခန်းမှူး စီးနင်းလာသည့် မော်တော်ကား မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် သေနတ်တစ်လက်နှင့် ကားနှစ်စီးပါ ဆုံးရှုံးသွားကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
“ကျန်တပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေ အသေးစိတ် မသိရသေးဘူး။ သေနတ်တစ်လက်ပါသွားတယ်၊ ကားနှစ်စီးလုံးကိုလည်း မီးရှို့သွားတယ်” ဟု ၎င်းက ပြောကြားသည်။
အဆိုပါ မော်တော်ကားအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စခန်းမှူးကားမှ သေနတ်တစ်လက်သိမ်းဆည်းရမိကာ ရဲကားနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ဟုတ်တယ် ကွမ်လှာဘက်ကလာတဲ့ စခန်းမှူးကား ညနေ ၆ နာရီခွဲကျော်ကျော်လောက်မှာ NMSP (AD) အဖွဲ့က မိုင်းခွဲတိုက်ခိုက်တယ်၊ ကားပေါ်မှ သေနတ်တစ်လက် သိမ်းခဲ့တယ်” ဟု ၄င်းက ဆိုသည်။
စခန်းမှူးမှာ တောင်ဖလုရွာသား ရဲအုပ်မင်းဌေးမောင်မောင်ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ၄င်းကိုင်ဆောင်သည့် M-22 သေနတ်တစ်လက်နှင့် ကျည်အိမ်နှစ်ခု ကျည်ဆန် ၂၀၀ ခန့် ဆုံးရှုံးခဲ့ရသည်ဟု ရဲတပ်ဖွဲ့ဘက်မှလာသော သတင်းများက ဆိုသည်။
အဆိုပါ ကမာဝက်ရဲစခန်းမှူးစီးနင်းလာသည့် ကားတစ်စီးနှင့် ရဲတပ်ဖွဲ့များစီးနင်းလာသည့် ကားတစ်စီးမှာ သံဖြူဇရပ်ဘက်မှ ကမာဝက်မြို့သို့ မောင်းနှင်လာစဉ် မုဒုံမြို့နယ် ကွမ်လှာကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာကြား မုဒုံ – သံဖြူဇရပ် ကားလမ်းပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
မွန်ပြည်နယ်မှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် စစ်ကောင်စီပြဌာန်းလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဆောင်ရန်အတွက် လက်အောက်ခံ မွန်ကျေးရွာများမှ အနည်းဆုံး လူငယ် (၂) ဦးမှ (၁၀) ဦးအထိ စစ်မှုထမ်းဆောင်စေရန် အပြင်းအထန် ကြိုးပမ်းလုပ်ဆောင်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။