မွန်ပြည်နယ်အတွင်းထွက်ရှိသည့် ရော်ဘာများအား တခြားဒေသများသို့ သယ်ဆောင်ရာတွင် အထောက်အထားမပြနိုင်ပါက ဖမ်းဆီးရန် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံနယ်ဝန်ကြီးမှ ညွန်ကြားထားကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရသည်။
ထိုင်း – မြန်မာ နယ်စပ်မှတဆင့် ရော်ဘာများ တရားမဝင်ပို့ဆောင်ခြင်းမပြုလုပ်နိုင်ရန် ယခုကဲ့သို့ ညွန်ကြားလာခြင်းဖြစ်သည်ဟု မုဒုံမြို့မှ ရော်ဘာကုန်သည်တစ်ဦးက ပြောကြားသည်။
“ပြီးခဲ့တဲ့ မတ်လ (၄) ရက်က မော်လမြိုင်ကနေ ဘားအံမှာရှိတဲ့ မှိုင်းခံရုံကို ပို့မယ့် ရော်ဘာတွေဖမ်းခံထိသွားတော့ ပြည်တွင်းက တခြားဒေသတွေကို ပို့မယ့်သူတွေပါ ရော်ဘာတွေ မပို့ရဲကြတော့ဘူးဖြစ်နေကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုသို့ မွန်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် ရော်ဘာများ တခြားဒေသများသို့ သယ်ဆောင်ခွင့်မရတော့သည့်အတွက်ကြောင့် ဒေသတွင်း ရော်ဘာရောင်းဝယ်သူများအခက်တွေ့ကာ ရော်ဘာဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာနေကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကုန်အထိကို ရော်ဘာတစ်ပေါင် (၁၈၀၀) ကျပ်လောက်ရှိခဲ့ပေမယ့်၊ အခုမတ်လပထမအပတ်အတွင်းမှာ (၁၆၀၀) ကျပ်ဝန်းကျင်လောက်ဘဲ ကျန်တော့တယ်” ဟု မော်လမြိုင်မြို့ ရော်ဘာရောင်းဝယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံနယ်ဝန်ကြီး၏ ခွင့်ပြုချက်ဖြင့်သာ ရော်ဘာများ သယ်ဆောင်ခွင့်ပြုခြင်းကိစ္စမှာ မွန်ပြည်နယ်အတွင်းမှာသာရှိပြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးများအတွင်း ရော်ဘာများအား လွတ်လပ်စွာသယ်ဆောင်ခွင့်ရှိကြောင်း ယင်းဒေသများရှိ ရော်ဘာထုတ်လုပ်ရောင်းဝယ်သူများ၏ ပြောကြားချက်များအရ သိရသည်။