ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်စုံစမ်းရေး ကော်မရှင်အဖွဲ့၏ အစီရင်ခံစာကို ၁၉၅၂-ခုနှစ် မတ်လ (၃)ရက်နေ့တင်သွင်းခဲ့သည်။ ကရင်ပြည်နယ်ပေးရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့သော်လည်း ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက်တွင်မူ မွန်နှင့် ရခိုင်ပြည်နယ်ကို သတ်မှတ်ပေးခြင်း မပြုခဲ့ပေ။
မွန်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်စုံစမ်းရေးကော်မရှင်အဖွဲ့၏ အစီရင်ခံစာ (၁၉၅၂)
ဗညားအောင် စုစည်းတင်ပြသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဒေသအလိုက် အုပ်ချုပ်ခွင့်စုံစမ်းရေး ကော်မရှင်အဖွဲ့၏ အစီရင်ခံစာအား ၁၉၅၂-ခုနှစ် မတ်လ (၃)ရက်နေ့တွင် တင်သွင်းသည်။ အဆိုပါအစီရင်ခံစာ၌ မွန်စကားပြောတတ်သည် မွန်လူမျိုးများ နေထိုင်သည့်ဒေသကိုသာ စုပေါင်း၍ မွန်ပြည်နယ် တည်ထောင်ရမည်ဆိုသော် တနင်္သာရီတိုင်းတွင် ချောင်းဆုံမြို့နယ် ၊ ကျိုက္ခမီမြို့နယ် ၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ် ၊ ရေးမြို့နယ်များသာ ဖြစ်ပေသည်။ ဤနယ်ဒေသများကို စုပေါင်းလိုက်သည်ရှိသော် ခရိုင်တစ်ခရိုင်သာ ရှိပေလိမ့်မည်။
ဤကဲ့သို့ သေးငယ်သော ပြည်နယ်သည် ပြည်ထောင်စုကြီးအား ဘယ်နည်းနှင့်မျှ အထောက်အပံ့ အကူအညီ ပေးနိုင်မည်မဟုတ်သည့်အပြင် ပြည်ထောင်စုကြီး အင်အားဆုတ်ယုတ်အောင်သာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤဖော်ပြခဲ့သော (၅) ခုသော မြို့နယ်မှ နှစ်စဉ်ဝင်ငွေများပြားလှသည်မဟုတ် ၊ ၄င်းနယ်များမှ ဝင်ငွေကို ယခုထက်ပိုမို၍ရအောင် နှစ်ပေါင်း အတော်အတန်အတွင်းတွင် ဘယ်နည်းနှင့်မျှ မလုပ်နိုင်ချေ။ ၄င်းနယ်များကို ဆန်စပါးနှင့်ရော်ဘာကိုသာ အားကိုး၍ နေရလေသည်။ အသုံးစရိတ်မှာမူကား မွန်ပြည်နယ်တည်ထောင်လိုက်မည် ဆိုခဲ့သော် ယခုကုန်ကျသည့်ထက် အဆပေါင်းများစွာ တိုးတက်၍ လာပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အခြေခံဥပဒေအတိုင်း ပြည်နယ်ဥက္ကဋ္ဌနှင့် ပြည်နယ်ကောင်စီအမတ်၊ ပြည်နယ်ကောင်စီ ဥက္ကဋ္ဌနှင့်တကွ ၄င်းတို့နှင့်သက်ဆိုင်သည့် အရာရှိကြီးငယ်အမြောက်အများ ပိုမိုခန့်ထားရပေလိမ့်မည်။ ထို့ကြောင့် ဤကဲ့သို့ပိုမိုလာသော အသုံးစရိတ်ကို ပေးနိုင်စေခြင်းအလို့ငှာ ပြည်ထောင်စုကြီးက ထောက်ပံ့ရပေလိမ့်မည်။
ဤတွင်မက မွန်ဘိုးချိုတို့ လူသိုက်က တောင်းဆိုသည့်အတိုင်း မွန်ပြည်နယ် ပြုလုပ်မည်ဆိုပါက ထိုပြည်နယ်သည် ကျိုက္ခမီခရိုင် ၊ သထုံခရိုင်များနှင့် ထားဝယ် ၊ မြိတ်ခရိုင်များအကြားတွင် တည်ထောင်၍ ထားရပေလိမ့်မည်၊ ဤကဲ့သို့ တည်ထောင်ရခြင်းကြောင့် တနင်္သာရီတိုင်း အုပ်ချုပ်၍ လွယ်ကူခိုင်မြဲမှုကို ထိပါးစေမည် ဖြစ်သည်။
ထိုအတွက်ကြောင့် ဘဏ္ဍာရေးဘက်က ကြည့်လျှင်၄င်း ၊ အုပ်ချုပ်ရေးလွယ်ကူခိုင်မြဲမှုဘက်က ကြည့်လျှင်၄င်း ၊ မွန်ပြည်နယ်တည်ထောင်ပါက မွန်ပြည်နယ်သည် ပြည်ထောင်စုအား အကူအညီမပေးနိုင်ရုံမျှမက ပြည်ထောင်စုအင်အားနည်းပါးခြင်းကို ဖြစ်စေလိမ့်မည်။
ဤဖော်ပြချက်များကို အချို့မွန်လူကြီးများနှင့် ခေါင်းဆောင်များသည် ကောင်းမွန်စွာနားလည်ခြင်းကြောင့် မွန်ပြည်နယ်လုပ်ရန်မလိုလားဟု အစစ်ခံလေသည်။ ဤကဲ့သို့အစစ်ခံသော မွန်လူကြီးနှင့် မွန်ခေါင်းဆောင်အချို့တို့ သည်ကား ဆာဂျေအေ မောင်ကြီး၊ ဦးချစ်လှိုင် ၊ ဦးချစ်သောင်း ၊ ဦးထွန်းကျော်နှင့် ဦးဘိုးကျေးတို့ ဖြစ်ပေသည် ဟူသော အချက်များပါဝင်သည်။
ဤကော်မရှင်အဖွဲ့သည် (၁၉၄၈-ခုနှစ် ၊ အောက်တိုဘာလ (၅) ရက်နေ့စွဲနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရဝန်ကြီးများအဖွဲ့၏ မှတ်တမ်း အမှတ် ၃၁စီ ၊ အမ် ၊ အေ။ ၄၈/၁ အရ ၊ ဖွဲ့စည်းသောအဖွဲ့ဖြစ်လေသည်။
ဤအဖွဲ့တွင် နိုင်ငံတော်တရားဝန်ကြီးချုပ် အဂ္ဂမဟာသရေစည်သူ – ဆာဘဦးကို ဥက္ကဋ္ဌ အဖြစ်တင်မြှောက်၍ ပြည်နယ်များမှ ကိုယ်စားလှယ်တဦးကျစီအပြင် ကရင်အမျိုးသားကိုယ်စားလှယ် (၆) ဦး ၊ မွန်အမျိုးသားကိုယ်စားလှယ် (၆) ဦး၊ ရခိုင်အမျိုးသားကိုယ်စားလှယ် (၆) ဦး နှင့် မြန်မာအမျိုးသားကိုယ်စားလှယ် (၆)ဦးတို့ပါဝင်လေသည်။ တချို့အဖွဲ့ဝင်များ သည် မိမိတို့၏ သက်တမ်းမကုန်ဆုံးမီအမျိုးမျိုးသောအကြောင်းများကြောင့် လဲလှယ်ခဲ့ရပေသည်။ ဤအဖွဲ့၏ အဓိကတာဝန်မှာ ကရင် ၊ မွန် ၊ ရခိုင် တိုင်းရင်းသားတို့၏ ဒေသအလိုက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလိုသော ဆန္ဒများကို စုံစမ်းရန် ဖြစ်သည်။
(၁၉-၁၁-၄၈) နေ့တွင် မွန်နှင့်ကရင်ကိုယ်စားလှယ်အချို့က တနင်္သာရီ ၊ ပဲခူး ၊ ဧရာဝတီတိုင်း နှင့် ကရင်ပြည်နယ် ပါဝင်သော ရာမည မွန်ကရင်ပြည်နယ် တည်ထောင်လိုကြောင်း ကော်မရှင်အဖွဲ့ဥက္ကဋ္ဌထံ တင်ပြခဲ့ကြသည်။
မွန်ကရင်တို့က တိုင်းပြည်သီးခြားတည်ထောင်ရန် တောင်းဆိုခြင်းမှာ လူမျိုးရေးကို အဓိကထား၍ တောင်းဆိုခြင်း ဖြစ်ရာ မျိုးနွယ်စုတို့၏ ဦးရေကိုကြည့်ခြင်းအားဖြင့် ထိုတောင်းဆိုချက်သည် တရားသဘောနှင့် ဆန့်ကျင်ကြောင်းမှာ ထင်ရှား၏။ ထိုတိုင်းကြီး (၃) တိုင်း၏ မြန်မာလူဦးရေပေါင်းသည် မွန်လူဦးရေပေါင်းထက် သော်လည်းကောင်း ၊ ကရင် လူဦးရေပေါင်းထက် သော်လည်းကောင်း ၊ မွန်ကရင်လူမျိုးနွယ်စု ၂ ဦးပေါင်း၏ လူဦးရေထက် သော်လည်းကောင်း မနှိုင်းယှဉ်လောက်အောင် ပိုမိုများပြား၏။
မြန်မာပြည်မ ဖြစ်သော ဗဟိုပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကျယ်အဝန်းအားဖြင့် လည်းကောင်း ၊ လူဦးရေအားဖြင့် လည်းကောင်း ၊ စီးပွားရေးအားဖြင့်လည်းကောင်း ဗဟုသုတအားဖြင့်လည်းကောင်း ၊ အင်အားအကောင်းဆုံး ပြည်နယ်ကြီးဖြစ်သည့်အလျှောက် ဓမ္မဓိဋ္ဌာန်အားဖြင့် ဆုံးဖြတ်လျှင် ဗမာ ၊ မွန် ၊ ကရင် မဟုတ်သော သူများသည်လည်း ထိုပြည်မကြီးမှခွဲလျက် ပြည်နယ်သစ်တခုသို့ လိုက်ပါလိုသောဆန္ဒ ပြည့်မည်မဟုတ်၊ သို့ကြောင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးကိုအကြောင်းပြု၍ ဒီမိုကရေစီသဘောတရားအရ ဆုံးဖြတ်လျှင် ထိုဒေသတို့ကို ပြည်ထောင်စုမြန်မာနိုင်ငံမှ ခွဲထုတ်လျက် သီးခြားပြည်နယ်တည်ထောင်ရန်ကိစ္စအတွက် များရာတို့၏ သဘောသည် မည်သို့ရှိမည်ကို လွယ်ကူစွာ သိနိုင်၏ ဟူသောအချက်အချို့ပါဝင်သည်။
၁၉၄၈-ခုနှစ် ၊ နိုဝင်ဘာလ (၂၂) ) ရက်နေ့တွင် မွန်ပုဂ္ဂိုလ် (၄) ဦးတို့က မွန်တို့၏ လိုလားချက်များကို ကော်မရှင် ဥက္ကဋ္ဌထံ တင်ပို့ရာတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။
မွန်လူမျိုးများသည် ရာဇဝင်အစမှပင် ထင်ရှားခဲ့သောလူမျိုးကြီးဖြစ်ကြောင်းမှာ အားလုံးအသိပင် ဖြစ်ပေသည်။ မွန်လူမျိုးတို့သည် ရာဇဝင်အစဉ်အဆက်တွင် ကိုယ့်ထီး ကိုယ့်နန်း ၊ ကိုယ့်ကြငန်းနှင့် ထင်ရှားခဲ့သော လူမျိုးကြီးဖြစ်ရုံမက ကမ္ဘာပေါ်တွင် အလွန်ရှေးကျ၍ အမြင့်ဆုံးအတန်းသို့ ရောက်ခဲ့သော ယဉ်ကျေးမှုကိုလည်း ရရှိခဲ့လေသည်။
မွန်လူမျိုးတို့သည် မြန်မာပြည်သား တိုင်းရင်းသားအားလုံးတို့နှင့် ဒိုးတူပေါင်ဖက်လက်တွဲလျက် လွတ်လပ်သော မြန်မာပြည်ကြီးကို ရှေးပဝေသဏီကပင် တစ်ဦးကိုတစ်ဦးယုံကြည်အားထားလျက် ထူထောင်ဆောင်ရွက်ခဲ့သည်မှာ ရာဇ၀င်အထင်အရှား ရှိရုံမက ယဉ်ကျေးမှုစသော ဘာသာ ၊ သာသနာစာပေပညာအစရှိသည့်တို့ကို တည်တံ့နိုင်ရန် ဆောင်ရွက်ခဲ့မှုကြောင့်သာ ဤမြန်မာပြည်ကြီးတွင် ယနေ့တိုင် ခွဲခြားခြင်းမရှိကြဘဲ တစ်ဦးကိုတစ်ဦး ယုံကြည်လေးစားစွာရှိကြသည်မှာ အထင်အရှားပင် ရှိခဲ့ကြပါကြောင်း။
ထို့ကြောင့် အောက်မြန်မာပြည်တွင် ယခုနေထိုင်လျက်ရှိသော မြန်မာဟုဆိုသည့်လူမျိုးများသည် ရာဇဝင်အရ ထောက်ထားခဲ့သော မွန်မျိုးရိုးဇာတိမှဆင်းသက်လာကြသော လူမျိုးကြီးတစ်မျိုးဖြစ်ကြောင်းကို၄င်း၊ ယုံကြည်ကိုးကွယ် နေသည့် ရိုးရာများကိုကြည့်ခြင်းအားဖြင့် ထင်ရောင်နိုင်သည့်အပြင် ၇၅-ရာခိုင်နှုန်းမျှလောက်သော အောက်ဗမာပြည်တွင် မှီတင်းနေထိုင်ကြသော ယခုပြည်ထောင်စုမြန်မာများတို့သည် မွန်လူမျိုးမှဆင်းသက်ကြသော လူတစ်စုတို့ဖြစ်ကြောင်းကို ဤကော်မရှင်မှယုံကြည်ပါကြောင်း။
မွန်များအတွက် ပြည်နယ်လိုလားအပ်သည့်အကြောင်းနှင့်ပတ်သက်၍ မွန်နှင့်မြန်မာတို့မှာ ခွဲခြား၍ မရနိုင်လောက် အောင် ထိုမျှလောက်ရောပြွန်းပေါင်းစပ်ရှိနေပါလျက် အဘယ်အကြောင်းကြောင့် မွန်ပြည်နယ်တစ်ခုသီးသန့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတွင် ရှိသင့်ကြောင်းကို သိလိုကြပေလိမ့်မည်။
မွန်များမှာ ရာဇဝင်ထင်ရှားခဲ့သော မြန်မာပြည်တိုင်းရင်းသား လူမျိုးကြီးတစ်မျိုးဖြစ်ရုံမျှမက မြန်မာပြည်ရာဇဝင်၊ ယဉ်ကျေးမှု၊ ဘာသာ၊ စာပေစသည်များကို စတင်ပျိုးထောင် တိုးပွားစည်ပင်စေမှုတို့တွင် ပူးပေါင်းပါဝင်ခဲ့သော လူမျိုးကြီးဖြစ်သည့်အားလျော်စွာ ပြည်ထောင်စုမြန်မာနိုင်ငံသစ်ကြီးကို တိုင်းရင်းသားအားလုံးတို့နှင့် စုပေါင်းတည်ထောင်ရာတွင် ထိုရာဇဝင်ပြောင်ခဲ့သောလူမျိုးကြီးလည်း ပါဝင်ကြောင်း ထင်ရှားရန် လိုအပ်ပေလိမ့်မည်။ အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုမြန်မာနိုင်ငံကြီးတည်ဆောက်ရာတွင် မွန်၊ မြန်မာ၊ ကရင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ဂျင်းဖောစသောလူမျိုးကြီးများ ပါဝင်ကြသည့်အတိုင်း ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ ပြည်နယ်၊ ချင်းဝိဒေသတိုင်း ၊ ကရင်ကော်သူလေး အထူးဒေသများကို ပြည်ထောင်စုမြန်မာနိုင်ငံကြီးတည်းဟူသော ဗိမာန်ကြီးတွင် သိုက်မြိုက်ခမ်းနားစွာ အထိုအလျှောက်ထည့်သွင်းပါရှိစေခဲ့လေသည်။
ထို့ပြင် မွန်လူမျိုးများသည် ယခုအခါ တစုတရုံးတည်း နေထိုက်လျက်ရှိသော အထင်အရှားလည်း ရှိချေသည်။ ယခုမွန်လူမျိုးတို့သည် ဦးရေအားဖြင့် နည်းပါးစေကာမူ မြန်မာပြည်ရာဇဝင်နှင့် ယဉ်ကျေးမှုစသည်တို့ကို ဖန်တီးတည်ထောင်ရာတွင် ပါဝင်ခဲ့သော လူမျိုးကြီးဖြစ်ခဲ့သည့်ပြင် ဗမာ့တော်လှန်ရေးရာဇဝင်တွင် မြန်မာ (၅၀၀၀) နှင့် မွန် (၃၀၀၀) စသည်တို့ပါဝင်ခဲ့ကြောင်းကို ကျဆုံးသူဗမာ့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ထုတ်ပြန်ကြေငြာခဲ့သည်ကို ကမ္ဘာ့အစဉ်အဆက် မမေ့အပ်စေရန်အလို့ငှာ မွန်တို့အတွက် ပြည်နယ်တစ်ခုကို ပြည်ထောင်စုသမ္မတတည်းဟူသော ညီညွတ်ရေးဗိမာန်ကြီးတွင် ပေါ်လွင်ထင်ရှားစွာ ဖန်တီးပေးရန် ဤကော်မရှင်က လိုလားပါကြောင်း။
အထက်ဖော်ပြပါအကြောင်းပြချက်အရ ရာဇဝင်ထင်ရှားခဲ့သည့်မွန်များဒေသဖြစ်သော အောက်ပါတို့ ဖြစ်ပါသည်။ ( က) တနင်္သာရီတိုင်း ။
(၁) ကျိုက္ခမီခရိုင်
(ခ) သထုံခရိုင်
(ဂ) ထားဝယ်ခရိုင်
(ဃ) မြိတ်ခရိုင်
(၂) ။ ပဲခူးတိုင်း (မွန်လူမျိုးတို့များရာဒေသ)
(၃) ။ ဧရာဝတီတိုင်း (မွန်လူမျိုးများရာဒေသ) များဖြစ်ပါကြောင်း။
မွန်လူဦးရေအများဆုံးဖြစ်သော ကျိုက္ခမီခရိုင်ကို ဗဟိုထား၍ အထက်ပါခရိုင်တို့ကို စုပေါင်းပြီးလျင် ပြည်နယ်တခု တည်ထောင်သင့် ပေသည်။ ထိုခရိုင်များအားလုံးကို စုပေါင်းမှသာလျှင် ပြည်နယ်တခု တည်ထောင်လောက်အောင် အကျယ်အဝန်းလူဦးရေနှင့် ဘောဂအင်အားပြည့်စုံနိုင်ပေလိမ့်မည်။ ထိုကဲ့သို့ ပြည်ထောင်စု မြန်မာနိုင်ငံတွင် အပါအဝင်ဖြစ်သော ပြည်နယ်တစ်ခုတည်ထောင်ခြင်းကို မွန်လူမျိုးမဟုတ်သော အခြားအမျိုးသားများကလည်း ကန့်ကွက်ရန် ရှိမည်ဟုမထင်ပါ။ သက်ဆိုင်ရာဒေသရှိ အများသောပုဂ္ဂိုလ်များ၏ဆန္ဒနှင့်အညီသာလျှင် ဤကိစ္စတွင် သာ ပြီးပြတ်စွာ ဆောင်ရွက်နိုင်မည်ကို သိရှိပါသည်။ သို့ရာတွင် ထိုခရိုင်များရှိအများသောပုဂ္ဂိုလ်များသည် ဤသို့ ပြည်ထောင်စု အပါအဝင်ဖြစ်သည့် ပြည်နယ်တခုတည်ထောင်ရန် ကန့်ကွက်ရန်ရှိလိမ့်မည်မဟုတ်ပါ။
အထက်ပါမွန်ပြည်နယ်ကို တောင်းဆိုရခြင်းမှာ လွတ်လပ်သောပြည်ကြီးတွင် မိမိတို့ကံကြမ္မာမိမိတို့ဘာသာ ဖန်တီးနိုင်ခွင့် ရရှိနိုင်သည်ဆိုသော ဗိုလ်ချုပ်၏ ချမှတ်ခဲ့သော မိန့်ခွန်းအရ ကျွန်တော်များ မွန်အမျိုးသားအားလုံးတို့ကလည်း လိုလားကြသည့်အတိုင်း ဝန်ကြီးချုပ် သခင်နု မိန့်ခွန်းဖြစ်သော မွန် ၊ ကရင် ၊ ရခိုင် လူမျိုးများတို့သည် မိမိတို့လိုတာကို တောင်းကြပါ။ အတတ်နိုင်ဆုံး ပေးပါမည်။ စည်းမျဉ်းဥပဒေကိုလည်း တတ်နိုင်သလောက် ပြင်ပေးပါမည်။ အဆိုရှိသည်တွင် ဤကော်မရှင်အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး-ဆာဘဦးကလည်း လူမျိုးစုကော်မရှင်အဖွဲ့ငယ်များတို့သည် မိမိတို့လိုလားချက်များကို ညီညွတ်စွာနှင့် ဧချမ်းစွာဖြစ်နိုင်ရေးကို ကြိုးစားကြပါဟု ဆိုသောစကားအရ ဤကော်မရှင်အဖွဲ့က အထက်ပါတောင်းဆိုချက်ကို အတတ်နိုင်ဆုံးဖြင့် လိုက်လျောပါမည့်အကြောင်း။
(ပုံ) မွန်ထွန်းရင် ၊ ဒေသအလိုက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဖွဲ့ဝင်လူကြီး ၊ မွန်အမျိုးသားအဖွဲ့ချုပ်ကိုယ်စားလှယ်။
(ပုံ) မွန်သန်း ၊ မွန်အမျိုးသားအဖွဲ့ချုပ်ကိုယ်စားလှယ်။
(ပုံ) မွန်ဒေါ်နှင်း၊ မွန်အမျိုးသားအဖွဲ့ချုပ်ကိုယ်စားလှယ်။
(ပုံ) မွန်ဦးခင်မောင်မောင်၊ ဒေသအလိုက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဖွဲ့ဝင်လူကြီး ၊
ဤသို့ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဒေသအလိုက် အုပ်ချုပ်ခွင့်စုံစမ်းရေး ကော်မရှင်အဖွဲ့၏ အစီရင်ခံစာကို ၁၉၅၂-ခုနှစ် မတ်လ (၃)ရက်နေ့တင်သွင်းခဲ့သည်။ ကရင်ပြည်နယ်ပေးရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့သော်လည်း ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက်တွင်မူ မွန်နှင့် ရခိုင်ပြည်နယ်ကို သတ်မှတ်ပေးခြင်း မပြုခဲ့ပေ။
(ပြီး)