ထိုင်းလွှတ်တော်မြန်မာ့အရေးဆွေးနွေးပွဲ ဒုတိယနေ့တွင် မွန်ပြည်သစ်ပါတီ NMSP ဗဟိုအလုပ်အမှုဆောင် နိုင်အောင်မငေးနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်တို့က ပါဝင်ဆွေးနွေးခဲ့သည်။
နိုင်အောင်မငေးက “တစ်ဆို့နေတဲ့မြန်မာပြည်နိုင်ငံရေးအခြေအနေကို All Inclusive ပေါ့၊ တကယ့် Stakeholder တွေ အားလုံးပါဝင်တဲ့ ပုံစံနဲ့မှ ကျနော်တို့ဖြတ်ကျော်နိုင်မယ်၊ ဖြတ်ကျော်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှုနဲ့ အပြန်အလှန်နားလည်မှုတွေလည်း ရှိရမှာပေါ့၊ နို့မို့ဆိုရင် ဒီကာလက ရှည်ကြာရင် ရှည်ကြာသလို ပြည်သူလူထုတွေအနေနဲ့ အခက်အခဲ ဒုက္ခမျိုးစုံကို ပိုပြီးခံစားရလိမ့်မယ်လို့ ကျနော်အဓိက ဆွေးနွေးခဲ့ပါတယ်” ဟု ပြောသည်။
ဖက်ဒရယ်တည်ဆောက်ရေးအတွက် ယခင်လက်ထက်အဆက်ဆက်ကတည်းကပင် အတွင်းအပြင်ဘက်မှ ပြင်ဆင်ထားမှုရှိခဲ့သော်လည်း လစ်လျူမှုခံထားရပြီး ဖြတ်ကျော်လာမှုအရ ဘာမှအကောင်အထည်မဖော်နိုင်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်သည့်အခါ UNFC ရေးသားခဲ့သောဖွဲ့စည်းပုံကို ပင်တိုင်ထားပြီး ဆက်လက်ဆွေးနွေးဖို့ လိုအပ်ကြောင်း ၄င်းက ဆွေးနွေးတင်ပြခဲ့သည်ဟု ဆက်ပြောသည်။
ဆွေးနွေးပွဲတက်ရောက်နေသူတစ်ဦးက ‘‘လတ်တလောမှာလုပ်မယ့် လူသားချင်းစာနာမှု အကူအညီအရေးကို တော်လှန်ရေးအင်အားစုတွေက အဓိက ဝေဖန်သုံးသပ်သွားသလို စစ်တပ်နဲ့ လုပ်ဆောင်နေတဲ့ မြန်မာကြက်ခြေနီ အသင်းကနေတဆင့် အကူအညီပေးသွားမယ်ဆိုတဲ့ဟာက လက်တွေ့မကျဘူးဆိုတာကို တိုင်းရင်းသားတွေက အဓိကဆွေးနွေးသွားတယ်’’ဟု ပြောသည်။
သို့ရာတွင် ဆွေးနွေးချက်အကြောင်းအရာများကို အသေးစိတ်မသိရသေးသော်လည်း Ethnic Voices တိုင်းရင်းသားတို့၏အသံများကို နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီခွဲအချိန်ထိ ဆွေးနွေးမှုတွင် စိတ်ပါဝင်စားသူများကြောင်း သိရသည်။
“အာဏာသိမ်းပြီး သုံးနှစ်အကြာ” ခေါင်းစဥ်ဖြင့် ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာကော်မတီက ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက် (၉) နာရီအချိန်က စကျင်းပခဲ့ရာ ထိုင်းလွှတ်တော်အမတ်များ၊ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NUG ဝန်ကြီးအချို့၊ တတ်သိပညာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး ယနေ့ညနေ (၅) နာရီအချိန်တွင် ဆွေးနွေးပွဲပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိသည်။