တနသႅာရီတိုင်း ထားဝယ် နည်းပညာတက္ကသိုလ်မှ ဒု – ပါမောက္ခချုပ် နှင့် ပါမောက္ခ (၂) ဦးအား ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့က ဗထူးတပ်မတော်မှ ဖမ်းဆီးထားကြောင်း ဗထူးတပ်မတော် ၏ ပြောရေးဆိုခွင့်ရှိသူက ဒေသတွင်းသတင်းမီဒီယာများအား ပြောကြားထားချက်များအရ သိရသည်။
ဗထူးတပ်မတော်မှ ဖမ်းဆီးထားသူများမှာ နည်းပညာတက္ကသိုလ် ဒု-ပါမောက္ခချုပ် ဒေါက်တာကျော်အောင်၊ မြို့ပြအင်ဂျင်နီယာဌာနမှူး ပါမောက္ခ ဒေါ်နန္ဒာလွင် နှင့် အင်္ဂလိပ်စာဌာနမှူး ပါမောက္ခ ဒေါ်စုစုလတ် တို့ (၃) ဦးဖြစ်ကြောင်း သိရသည်။
စစ်ကျွန်ပညာရေးကို ဆက်လက်အသက်သွင်းနေသည့်အတွက်ကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း နှင့် ဗထူးတပ်မတော်၏ စခန်းတွင် စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဗထူးတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ထက်မြက် က ဒေသတွင်း သတင်းမီဒီယာများထံ ပြောကြားထားသည်။
၎င်းကဆက်လက်ပြီး “စစ်ဆေးနေဆဲဆိုတော့ အရေးယူမှုပုံစံကို ပြောဖို့စောနေပါသေးတယ်။ အရေးယူမှုတွေကတေ့ လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု ပြောကြားထားသည်။
အဆိုပါ နည်းပညာတက္ကသိုလ် (ထားဝယ်) ကျောင်းဝင်းအတွင်း ဆရာ၊ ဆရာမ အများကြီးရှိသော်လည်း အချိန်အတိုင်းအတာအရ အဓိကကျသည့် လူ (၃) ယောက်ကိုဘဲ ဖမ်းဆီးလာခဲ့ခြင်းဖြစ်ကြောင်း နှင့် ဖမ်းဆီးထားသူများအား ကောင်းကောင်းမွန်မွန် ကျွေးမွေးထားရှိကြောင်း ရဲဘော်ထက်မြက် က ဆိုထားသည်။
နည်းပညာတက္ကသိုလ် (ထားဝယ်) တွင် လက်ရှိပညာသင်နှစ်၌ တက်ရောက်ပညာသင်ကြားနေသူ ကျောင်းသား၊ ကျောင်းသူ (၁၀၀) ကျော် နှင့် ဆရာ၊ ဆရာမ ဆယ်ဂဏန်းခန့် ရှိကြောင်း ထိုနည်းပညာတက္ကသိုလ် နှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။