သထုံမြို့နယ် မိုးကောင်းကျေးရွာရှိ မိုးကောင်းဘုရားအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား မိုင်းခဲဖျက်ဆီးခံခဲ့ရပြီး လတ်တလော ကုန်တင်ယာဉ်ကြီးများသွားလာ၍ မရဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဖေဖေါ်ဝါရီလ (၂၈) ရက် မနက် (၃) နာရီခွဲအချိန်ခန့်က ပေါက်ကွဲသံကြားခဲ့ရကြောင်း နှင့် မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်ကို သိရကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။
“တံတားတစ်ခုလုံးပျက်စီးသွားတာ။ ကုန်တင်ယာဉ်တွေတော့ သွားလာလို့ မရနိုင်တော့ဘူး။ အိမ်စီးကားတွေကတော့ ရွာလမ်းထဲက ဖြတ်လို့ရသေးတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မိုင်းပေါက်ကွဲမှုကြောင့် တံတားအနီးရှိ ဈေးဆိုင်တချိူ့ပျက်ဆီးမှုများရှိခဲ့သည်ဟု သိရကြောင်း လူထိခိုက်မှု မရှိကြောင်းလည်း ၎င်းဒေသခံကဆိုသည်။
မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် တံတားအမှတ် ၄/၁၃၆ မိုးကောင်းတံတားမှာ ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်အမှတ် (၁၃၅ / ၇ နှင့် ၁၃၆ / ၀ ကြား) တွင်တည်ရှိပြီး ခန့်မှန်း အလျား ၃၇ ပေ၊ အကျယ် ၄၈ ပေ ရှိသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။