“သူတို့တောင့်တတဲ့ အာမခံ မိုးပေမယ့် တိမ်လေတွေနဲ့
လွင့်ပါးပျောက်ကွယ် အို.. ငွေတောင်တန်းရယ်
အနေကဝေးတော့ အေးခဲ့တဲ့ အချစ်ဟာ
တကယ်သာ မငြိမ်းသေးပဲ ခွဲခဲ့ရင် မခက်ဘူးလား
ဒီဇာတ်လမ်းလေးအတွက် တစ်ချိန်ချိန် ဆက်ရှိဦးမယ်
ခုများတော့ တစ်ယောက်က အပြီးအပိုင် ကန့်လန့်ကာချပြီ
မင်းသမီးပျိုလေးအတွက် ပြာပုံပေမဲ့
အဝေးရောက်သားအတွက် မီးလောင်ဆဲ
ချစ်တိုင်းလည်း မညားကြတာ ဒီနေရာမှာ
မှန်နိုင်လွန်းတယ်”
ငွေရောင်ပက်ဖျန်းထားသည့် ဇာသပြင်ချောင်း၏ လသာသာညတွင် ကွန်းဗုနှင့် ကိုစိုးမြင့်က “ငွေတောင်တန်း ဆီသို့”ကို နောက်တစ်ခေါက် ပြန်ဆိုကြသည်။
လွတ်လပ်ရေးရပြီး ဆယ်နှစ်ပြည့်ခဲ့သော်လည်း ရှမ်းပြည်နယ်ကို ဖက်ဒ ရယ်ပြည်ထောင်စုမှ ခွဲထွက်နိုင်မည့် ပင်လုံစာချုပ်ကတိကို မြန်မာအစိုးရက ပယ်ချခဲ့ပြီး အာဏာသိမ်းခဲ့သည်မှာ ရှမ်းပြည်သူအတွက် မီးလောင်သလို နာကျင်ခံစားရသည်။ အယုံလွယ်သူတိုင်းရင်းသားတို့အတွက် “ချစ်တိုင်းလည်း မညားကြ”သည်ကို ငွေတောင်တန်းသို့ သက်သေတည်ကြသည်။
ဇာသပြင်တံတားပေါ်တွင် ထိုင်နေကြသည့် သူတို့သုံးဦးသည် ငွေလရောင် ဖျန်းသောညကို ထွေးပိုက်ရင်း ခပ်ဝေးဝေး ထိုင်းမြန်မာနယ်စပ်ရှိ ငွေတောင် တန်းဆီသို့ အတွေးရောက်သွားသည်။ သူတို့နှလုံးအိမ်က စစ်အစိုးရ လှောင်အိမ်ထဲမှ ထိုးဖေါက်ကာ အရှေ့ဆီသို့ ပျံသန်းနေသည်။ မြို့ပြအလှတွင် နစ်မွန်းနေရ သည်က ခက်ထန်သည့် တော်လှန်ရေးလမ်းကြမ်းလောက် ရင်ခုန်စရာမရှိ။ ဖိနှိပ်သူကို အန်တုရန် ငွေတောင်တန်းသို့ ခိုသွားသည့် ဟင်္သာ နွယ်များ ကို သူတို့ စံပြု လေး စားသည်။
အမှန်တရားအတွက် တိုက်ပွဲဝင်သူတို့၏ သတင်းစကားကိုသာ သူတို့ နား စွင့်နေချင်သည်။ အဝေးဆီသို့ ရော် ရမ်းကြည့်ရသည့် ငွေတောင်တန်း၏ပန်းပေါင်းစုံရနံ့က တော်လှန်ရေးလေနှင့်အတူ ပင်လယ်ပြင်မြေပြန့်သို့ ပျံ့လွင့် မွှေးကြိုင်လာ နေသည်။
သည်ညသည် ငွေတောင်တန်းသို့ ပျံသန်းတော့မည့် ဟင်္သာပျိုကို ပို့ဆောင် နှုတ်ဆက်ရမည့် နောက်ဆုံးည။
ငွေတောင်တန်းတစ်နေရာ ဝင်းခါဂိတ်တွင် မင်းကျင်စွန်း (နောင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယိကောင်း)က ကိုစိုး မြင့်ကို စောင့်မျှော်နေသည်။ သူတို့နှစ်ယောက် ထိုင်းမြန်မာနယ်စပ်ရှိ မဲဆောက်၊ ဝင်းခါသို့တက်ကာ မွန်ကုန်သည်အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ပြီး မွန်ပြည်သစ်ပါတီနှင့် ဆက်သွယ်ခဲ့ကြ သည်။
မန္တလေးစိုက်ပျိုးရေးတက္ကသိုလ်ကျောင်းနေဘက် ထုံးအိုင်သား ကိုကျင်စွန်းက ရွာချင်းနီးသူ ကိုစိုးမြင့်နှင့် အမြဲ တွဲတွေ့ရတတ်သည်။ ကိုကျင်စွန်းမှာ စကားနည်းသော်လည်း ကိုစိုးမြင့်က အပျော့ဆွဲစည်းရုံးရေး ကောင်းသည်။ သူတို့နှစ် ယောက်၏ ပုံပန်းသွင်ပြင်စရိုက်က အဖြူနှင့်အမဲ ဆန့်ကျင်ဘက်။ တစ်ယောက်က ညိုပြီး တစ်ယောက်က အ သား ဖြူသည်။ တစ်ယောက်က ဝေ့ဝိုက်ပြောတတ်ပြီး တစ် ယောက်က ပွင့်လင်းသည်။ ကိုစိုးမြင့်က အချက်အပြုတ် ဝါသနာမပါ။ စားစရာ တော့ ကြံဖန်ရှာတတ်သည်။ ကိုကျင်စွန်းက ချက်ပြုတ်သည်။
သူတို့နှစ်ယောက်တွင် တူသည့်အချက်က မျိုးချစ်စိတ်။ လူငယ်ပီပီ စွန့်စား အနစ်နာခံစိတ် ရှိကြသည်။ မန္တလေးတောင်ပြင်မဟာမြတ်မုနိဘုရားအနီးက ဘုရားကြီးတိုက် မွန်ဘုန်းကြီးကျောင်းကို သွားတော့အတူ။ မွန်အသင်းလှုပ်ရှားမှုနှင့် အမျိုးသားနေ့တွင်လည်း လက်တွဲကြသည်။ ညင်းခုံဆွေးနွေးရာ ဝင်မပါတတ်သူ ကို ကျင်စွန်း က ကိုစိုးမြင့်နှင့် ရန်ကုန်တက္ကသိုလ်မှ ကိုအောင်မိုး၊ ကိုတင့်ဆန်းတို့ တော်လှန်ရေးအကြောင်း ပြောလျှင်မသိမသာ နားစွင့်သည်။ ကိုစိုးမြင့် ရန်ကုန်ကို ပြောင်း တော့ ကိုကျင်စွန်းက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဆက်တက်ပြီး ဘွဲ့ယူခဲ့သည်။
အလုပ်တစ်ခုကို ပြတ်အောင်လုပ်တတ်သူ ကိုကျင်စွန်းက ကိုစိုးမြင့် နယ်စပ်ဖြတ်ကျော်နေချိန်တွင် ဘီလူး ကျွန်းရွာလွတ်၌ ဆေးခန်းဖွင့်ထားသည့် အကိုဝမ်းကွဲ ဒေါက်တာဟန်ဝင်းတွင် အလုပ်ဝင်ခဲ့သည်။ ပညာတတ်ဘွဲ့ရတို့၏ လှုပ်ရှားမှုကို ထောက်လှမ်းရေးက မျက်ခြေမပြတ် ကြည့်နေသဖြင့် သူ စိတ်မရှည်တော့။ ကိုစိုးမြင့် တုန့်နှေးပြီး ဝေ့ဝိုက် လှုပ်ရှားနေသည်ကို အားမရ။ တော်လှန်ရေးခရီး ဆက်ရန် တိုင်ပင်ထားသည့်အတိုင်း အားလုံးကို ကျောခိုင်းကာ ဒေါန တောင်ပေါ် သို့ အရင် တက်နှင့်သည်။
ခုတော့ ကိုစိုးမြင့်က ကိုကျင်စွန်းရှိရာ ဝင်းခါနယ်စပ်သို့ ခရီးဆက်တော့ မည်။ ဒေါနတောင်ကို ရောက်ပြီးသည် နှင့် သူတို့နှစ်ယောက်က စနစ်သစ်ကို တည် ဆောက်မည့် မွန်ပြည်သစ်ပါတီစခန်းသို့ ဆက်လက်ခရီးထွက်ကြမည်။
တော်လှန်ရေးအရှေ့ဆီသို့ မဆုတ်တမ်း ဦးတည်ရမည်ဆိုတော့ သူတို့ကို ဂုဏ်ယူသလို ကိုယ်ချင်းစာမိသည်။ သူတို့က လူပျိုလူလွတ်ဖြစ်သော်လည်း ငဲ့ညှာ နောက်ဆံတင်းစရာ ရှိကြသည်။ အမေတခုသားတခုဖြစ်သူ ကိုစိုးမြင့် အတွက် မိခင် အိုကို ပစ်ခွာသွားရသည်မှာ လွယ်ကူသောဆုံးဖြတ်ချက် မဟုတ်။ ထုံးအိုင်ရွာမှ နိုင်ရောင်နှင့် မိရင် ကြည်တို့၏ အကြီးဆုံးသား ကိုကျင်စွန်းကလည်း မိဘမောင်နှမကို ငဲ့ညှာစရာရှိသည်။
တစ်ချိန်ကျရင် ကိုယ့်အလှဲ့ကျရင်ကော သူတို့လို မနွဲ့တမ်း စွန့်စားဝံ့မည်လား၊ နိက္ခမပါရမီ ရှိနိုင်ပါ့မလား စဉ်းစားကြည့်သည်။
“ဂျပန်ရေတွင်း – ဘုရားသုံး ဆူမှ ရန်ကုန်သို့” (မင်းချမ်းထိုက်)