စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် စစ်ကောင်စီအား ပြန်လည်တိုက်ခိုက်သွားမည်ဟု NCA စာချုပ်ရေးမှတ်ရေးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆) ရက်က ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
(၂၀၂၄) ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာ၌ ဖြစ်ပွားခဲ့သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ၏ ယာဉ်ကြောင်းကို ပိတ်ဆို့ဟန့်တားခြင်းကြောင့် စစ်ကောင်စီတပ် နှင့် ပူးတွဲထားသည့် အသွင်ပြောင်း ပြည်သူ့စစ် PNO နှင့် PNLA တို့အကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း နှင့် စံဖူးကျေးရွာဖြစ်စဉ်တွင် စစ်မီးဆက်မကူးစေရန်အတွက် စစ်ကောင်စီနှင့် အတတ်နိုင်ဆုံးညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သည့်အပြင်၊ (၂၀၂၄) ခုနှစ် ဇန်နဝါရီလ (၂၂) ရက်ညတွင် စစ်ကောင်စီတပ်သည် PNLO ၏ ဗဟို ဌာနချုပ် အဝန်းအဝိုင်းရှိ နော်ထော်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ နောင်ထော်ကျေးရွာရှိ အပြစ်မဲ့ ပြည်သူလူထုများ ထိခိုက်သေဆုံးမှု ဖြစ်ခဲ့သည်မှ အစပြု၍ ယခုအခါ ဆီဆိုင်မြို့ပေါ်အထိတိုက်ပွဲများကူးစက်သွားရခြင်းဖြစ်သည် ဟု PNLA ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
မိမိတို့အဖွဲ့သည် NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီးသည့်အချိန်မှစ၍ စာချုပ်ပါအချက်များကို လေးစားလိုက်နာမှုအရှိဆုံးဖြစ်သည်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သော တာဝန်ရှိသူများအားလုံးက အသိဆုံးပင်ဖြစ်ပါကြောင်း၊ (၂၀၂၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နောက်ထပ်တဖန်စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးသည့်နောက်ပိုင်းတွင် နိုင်ငံအဝှမ်း အလွှာပေါင်းစုံ ပြည်သူတစ်ရပ်လုံးကလမ်းမပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကို စစ်တပ်က လက်နက်အားကိုးဖြင့်ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း၊ ထို့ကြောင့် ဆန္ဒပြပွဲတွင် ပါဝင်သောလူငယ်အများစုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်စွဲကိုင်ပြီး စစ်မျက်နှာသစ်များ ဖွင့်ခဲ့ကြသော်လည်း မိမိတို့အဖွဲ့မှ ပါဝင်ခဲ့ခြင်းမရှိဘဲ NCA သဘောတူညီချက်အတိုင်း ရပ်တည်ခဲ့သည်မှာ ယခုတိုက်ပွဲမဖြစ်ခင် ကာလအထိပင်ဖြစ်ကြောင်း PNLA က ဆိုသည်။
စစ်တပ်ဩဇာညောင်းသော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအခင်းအကျင်းတွင် (၈) နှစ်တိုင်တိုင်မျှော်လင့်ချက်ကြီးစွာဖြင့် စ်တ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်ခဲ့သော်လည်း အာမခံချက်ရှိသော နိုင်ငံရေးရလဒ်များ ရရှိခဲ့ခြင်း မရှိခဲ့ကြောင်း၊ ယခုဖြစ်ပေါ်လျှက်ရှိသော စစ်ရေးပဋိပက္ခသည် လူမျိုးရေးပဋိပက္ခမဟုတ်ဘဲ စစ်အာဏာရှင် ယန္တရားကို လည်ပတ်စေသူလူတစ်စုနှင့် အဖိနှိပ်ခံတိုင်းရင်းသားလူမျိုးများ၊ တစ်ပြည်လုံးရှိ ပြည်သူလူထုတို့အကြား ဖြစ်ပွားသော ပဋိပက္ခသာဖြစ်ကြောင်း နှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင်းတလျှက်ရှိသော ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နိုင်သည်အထိ ဘဝတူညီနောင် မဟာမိတ်များနှင့်အတူ ဆင်နွဲသွားမည်ဖြစ်ကြောင်း PNLA ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
လက်ရှိ စစ်ရေးပဋိပက္ခတွင် ပအိုဝ်းအမျိုးသားအချင်းချင်းအပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခြင်းကို ပြုလုပ်မည်မဟုတ်ပါ။ စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအောက်တွင် ရပ်တည်နေသော ပအိုဝ်းအမည်ခံလက်နက်ကိုင်တပ်ဖွဲ့အနေဖြင့်အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်သွားရန် လေးနက်စွာတိုက်တွန်းလိုပါကြောင်းလည်း PNLA က ထုတ်ပြန်ထားသည်။
မိမိတို့အဖွဲ့ချုပ်သည် နိုင်ငံရေးဦးတည်ချက်များဖြစ်သော စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ မဟာလူမျိုးကြီးဝါဒ နှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို တိုက်ဖျက်ရေး၊ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံစနစ် တည်ဆောက်ရး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး စသည့် နိုင်ငံရေးဦးတည်ချက်များအတိုင်းလုပ်ဆောင်နေခြင်းဖြစ်သည်။ ပအိုဝ်းအမျိုးသားပြည်သူများအနေဖြင့် မိမိတို့အမျိုးသားအခွင့်အရးများ ပေါ်ထွန်းလာရေးအတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့်အတူ ပူးပေါင်းပါဝင်ပေးကြပါရန် လေးနက်စွာတိုက်တွန်းရင်း ထုတ်ပြန်အပ်ပါကြောင်း PNLA က ဆိုထားသည်။
လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ် နှင့် PNLO/PNLA တပ်ဖွဲ့များ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံပြည်သူထောင်နှင့် ချီကာ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။