ယမန်နေ့ညပိုင်းက လက်နက်ကြီးကျရောက်မှုကြောင့် ကော့ကရိတ်မြို့ပေါ် နေရာအနှံ့အပြား၌ မီးလောင်မှုများဖြစ်ပွားနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ကော့ကရိတ်မြို့အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် တံတားဦး၊ ချောင်းတောင် အစရှိသည့် ရပ်ကွက်များအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ယင်းရပ်ကွက်များအတွင်းရှိ စာသင်ကျောင်းအပါအဝင် နေအိမ်အဆောက်အဦး တော်များများ မီးလောင်ကျွမ်းနေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မနေ့ညပိုင်းဆိုရင် တံတားဦး၊ တောင်ပေါ်ရပ်မှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကျောင်းတစ်ကျောင်းလုံး မီးလောင်ပျက်ဆီးသွားတယ်။ အရင်က အရပ်တွေထဲမှာ အိမ်စောင့်ကျန်တဲ့သူတွေရှိကြသေးတယ်။ အခု စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ အိမ်စောင့်တွေလည်း မနေရဲကြတော့ဘူး။ အဲ့ဒီတော့ မီးတွေလောင်နေလဲ မီးငြှိမ်းမယ့်သူတွေက မရှိတော့ဘူးဖြစ်နေတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့တွင်း တိုက်ပွဲများမှာ ယနေ့အချိန်အထိ ဆက်လက်ဖြစ်ပွားနေပြီး၊ နှစ်ဖက်တိုက်ပွဲများအတွင်း ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အဦးပေါင်း ရာနှင့်ချီကာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း စစ်ဘေးရှောင်ပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
ထို့အပြင် ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကော့ကရိတ်မြို့ခံပြည်သူများနှင့် ဒေသခံပြည်သူ (၃၀၀၀၀) ကျော်မှာ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
Photo Credit – ဒေါနခရီးသွား ဧည့်သည်