ဇာတ်လမ်းအစက ၂၀၀၈ ခုနှစ် ဧပြီလ (၂၉) ရက်။ နိုင်အောင်ထွန်း ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားရဲ့ နောက်ဆက်တွဲဆင့်ကဲဖြစ်စဥ်လေးပါ။
*( လူအယောက် ၃၀ ဝန်းကျင်လောက်ရှိခဲ့တဲ့ ဒီစကားဝိုင်းမှာ နာမည်မမှတ်မိသူတွေကိုတော့ မဖော်ပြတော့ပါ၊အချက်အလက်တချို့ အယူအဆတချို့ လွဲမှားကောင်းလွဲမှားပါလိမ့်မယ် ဒါပေမယ့်တချို့ပုဂ္ဂိုလ်တွေအနေနဲ့ ပြန်မှတ်မိကောင်း မှတ်မိပါလိမ့်မယ်၊ အချက်အလက်တွေ ကျန်ခဲ့လွဲမှားခဲ့မယ်ဆိုရင် ပြန်လည်ဖြည့်ဆည်းပေးစေလို)
နှစ်စဥ်ဧပြီလ ၂၉ ရောက်လေတိုင်း မွန်ခေါင်းဆောင် နိုင်အောင်ထွန်း ကွယ်လွန်ခြင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို ပငကျေးရွာ ကြက်တိန်ညင်ဘုရားကုန်းတော်ပေါ်က နိုင်အောင်ထွန်း အုတ်ဂူတည်ထားတဲ့အာဇာနည်ကုန်းနေရာမှာ ကျင်းပလေ့ရှိတယ်၊ အဲဒီနေရာဟာ လွန်ခဲ့တဲ့အနှစ် ၇၀ လောက်မှာ မွန်ပြည်သူ့တပ်ဦးဌာနချုပ်ရုံး တည်ဆောက်ခဲ့တဲ့နေရာလည်း ဖြစ်ခဲ့ပါတယ်။
ဒီနေရာမှာ ကြော်ငြာနည်းနည်း ဝင်လိုတာက အဲဒီနှစ်မှာ နိုင်အောင်ထွန်းရဲ အထုပ္ပတ္တိသီချင်းကို စာရေးသူကိုယ်တိုင် ပြုစုရေးသား၊ သံစဥ်ထည့်သွင်း၊ တီးခတ်၊ ကွန်ပျူတာနဲ့အသံဖမ်းယူ၊ ပငရွာသားအဆိုတော်တွေ သီဆိုခဲ့တဲ့သီချင်းကို အခမ်းအနားမှာ အကြိမ်ကြိမ် ဖွင့်ပြခဲ့ပါတယ်)
မွန်းတည့်ခါနီးအချိန် အခမ်းအနားပြီးတော့ လက်တို့ထားကြတဲ့ အထူးဧည့်သည်တစ်စုဟာ နိုင်ဝင်းကြည်ရာဘာခြံထဲ ရောက်သွားကြပြီး တဲအိုကြီးတစ်ခုပေါ်မှာ ဝိုင်းဖွဲ့ကာ ထုံးစံအတိုင်း ချက်ပြုတ်စားသောက်ကြလို့ နိုင်ငံရေးစကားဝိုင်းတစ်ခုအဖြစ် ပွဲစည်သွားခဲ့ပါတယ်။
အောက်မေ့ဘွယ်အခမ်းအနားလာတက်ရောက်ဂါရဝပြုကြတဲ့ ဆရာကြီး နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း၊ နိုင်သိမ်းမောင်တို့က အသက်ကြီးပြီဖြစ်တာကြောင့် အခမ်းအနားပြီးတာနဲ့ မော်လမြိုင်ကို လူငယ်တချို့နဲ့ တခါထဲ တန်းပြန်ပို့ခိုင်းလိုက်တယ်။
ကျန်ခဲ့တဲ့ အစာဇၞူမန်နဲ့ ဒေါက်တာမင်းနွယ်စိုး၊ ဖျက်သိမ်းခံ MNDF ခေါင်းဆောင် ဒေါက်တာမင်းစိုးလင်း၊ဒေါက်တာမင်းကြည်ဝင်း၊ ဆရာမွန်ရာဇာ၊ ဒေါက်တာမင်းထွန်းရှိန်(အစာဂၠဴ)၊ နိုင်မာန်ဂကူ(သော်ပါင်)၊ အမ်သဝ်(ရှေ့နေ)၊ မင်းမင်းနွယ်၊ မွန်ပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ နိုင်ဝင်းဦး၊ နိုင်ဝင်းတင့်၊ အခမ်းအနားဦးစီးကျင်းပတဲ့ ပငဒေသခံ နိုင်တင်အောင်၊ နိုင်လယီတမ၊ နိုင်သီဟ(နောင်မှာ အမျိုးသားလွှတ်တော်အမတ်ဖြစ်လာ) M ချမ်းမွန်၊ မင်းအောင်ဌေး(အံင်လွဳမန်) နဲ့ ပငစာပေယဥ်ကျေးမှုအဖွဲ့သားများ ကျန်လူများနာမည်မသိတော့ပါ။ ဓါတ်ပုံလည်းမရိုက်ခဲ့ကြပါ။(မှတ်တမ်းအဖြစ်ကျန်သွားမှာ စိုးရိမ်လို့) စုစုပေါင်း ၃၀ ဝန်းကျင်လောက်ရှိပါလိမ့်မယ်။
ဒီစကားဝိုင်းမှာ စာရေးသူကတော့ အလိုလိုအခမ်းအနားမှူးနေရာ ရခဲ့ပါတယ်၊
အဓိက မေးခွန်းကတော့ “၂၀၁၀ ရွေးကောက်ပွဲ မွန်တို့ပါတီဖွဲ့ပြီး ဝင်သင့်/မသင့်။
မွန်တွေမဝင်ရင် လွှတ်တော်ထဲမှာ မွန်အမျိုးသားအခွင့်အရေး ဘယ်သူတောင်းဆိုပေးမလဲ၊ ဘာလုပ်သင့်လဲ၊အကြံပြုချက်၊ အဆိုပြုချက်တွေ အသံမျိုးစုံထွက်လာအောင် အခမ်းအနားမှူးက လမ်းကြောင်းပေးရတာပေါ့။
လာမယ့် မေ ၁၀ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကျင်းပပါလိမ့်မယ်။ မည်သို့ပင်ကန့်ကွက်ကြစေကာမူ နအဖစစ်အစိုးရ အကွက်ချစီမံထားတဲ့အတိုင်း ၂၀၀၈ အခြေခံ ဥပဒေက မဖြစ်မနေပေါ်ထွက်လာမယ်၊ ပြီးတော့ ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပသွားမယ့် နိုင်ငံရေးလမ်းပြမြေပုံလည်း ရှိနေပြီးသားပါ။
MNDF မှ ဒေါက်တာနှစ်ဦးကတော့ မိမိတို့ပါတီရဲ့ နိုင်ငံရေးသိက္ခာကို ထောက်ရှုသောအားဖြင့် ၂၀၁၀ရွေးကောက်ပွဲ လုံးဝမဝင်နိုင်ဘူးလို့ ပွဲစစခြင်းမှာ အတိအလင်းငြင်းဆိုလိုက်ပါတယ်။
နိုင်ချမ်းတွဲ့ကလည်း လက်နက်ကိုင်မွန်ပြည်သစ်ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ လုံးဝမစဥ်းစားပါဘူး၊ရွေးကောက်ပွဲဝင်ရင် လက်နက်စွန့်ရမယ်၊ မွန်ပြည်သူ့တပ်ဦးလို အဖြစ်မခံနိုင်ဘူးလို့ ဆိုပါတယ်။
ဒေါက်တာမင်းနွယ်စိုးကတော့ ၁၉၄၇ တိုင်းပြည်ပြုလွှတ်တော်ကို နိုင်ဖိုးချို၊ နိုင်အောင်ထွန်းတို့ ခေါင်းဆောင်တဲ့မွန်တိုင်းရင်းသားအစည်းအရုံးသပိတ်မှောက်လိုက်လို့ မွန်အမတ်တွေ လွှတ်တော်မှာ မရှိခဲ့တာကြောင့် မွန်တွေအခွင့်အရေးဘယ်လောက်ဆုံးရှုံးခဲ့ရတာကို သမိုင်းကြောင်းနဲ့ရှင်းပြပါတယ်၊ အစာဇၞူကလည်း ဖြည့်စွက်ပြောပေးတယ်။
နောက်ဆုံးမှာ မွန်ပြည်သစ်ပါတီက အနားယူခဲ့တဲ့ နိုင်တင်အောင် ခေါင်းဆောင်ပြီး နိုင်ငံရေးပါတီဖွဲ့ဖို့ ဒေါက်တာမင်းနွယ်စိုး၊ အစာဇၞူတို့က အကြံပြတိုက်တွန်းခဲ့ပါတယ်။
ဆရာနိုင်တင်အောင်ကတော့ သူတို့အနေနဲ့ ၂၀၁၀ မှာရွေးကောက်ပွဲဝင်ဖို့ စောလွန်းသေးတယ်လို့ ပြောပါတယ်၊နောင်ဖြစ်ပေါ်လာမယ့် လွှတ်တော်အခင်းအကျင်းနဲ့ နိုင်ငံရေးမိုးလေဝသ အခြေအနေတို့အပေါ် မူတည်ပြီးတော့မှပါတီဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်သင့်မဝင်သင့်ဆိုတာကို စောင့်ကြည့်နေသင့်တယ်လို့ ပြောပါတယ်။
စကားဝိုင်းကတော့ ကြည်နူးစရာမြင်ကွင်းပါ၊ တစ်ယောက်နဲ့တစ်ယောက် အငြင်းအခုံမရှိကြဘဲ ညနေ ၄ နာရီဝန်းကျင်လောက်မှာ အေးဆေးစွာနဲ့ ပြီးဆုံးသွားပါတယ်။
နောက်(၂)လအကြာ ဇွန်လ(၂၉)ရက်နေ့ မွန်ပြည်သစ်ပါတီအပစ်ရပ်နေ့-၁၄ နှစ်ပြည့် အခမ်းအနားကို မော်လမြိုင်မြို မွန်ပြည်သစ်ပါတီရုံးမှာ ကျင်းပတဲ့အခါ အထက်ပါခေါင်းဆောင်တွေ ပြန်လည် တွေ့ဆုံကြပြီး ပငစကားဝိုင်းအဆက်ကို ဆက်လက်ဆွေးနွေးကြတဲ့အခါမှာ ဆုံးဖြတ်ချက်တခု ကျလာပါတယ်။
နအဖစစ်အစိုးရ ကျင်းပမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဥပဒေတွေကို စောင့်ကြည့်လေ့လာပြီးတော့မှ ရွေးကောက်ပွဲဝင်သင့်ပါက မွန်တိုင်းရင်းသား ကိုယ်စားပြုပါတီသစ် တစ်ရပ်ဖွဲ့စည်းရေး အဆင်သင့်ရှိနေဖို့ (၁၅) ဦးပါ ကော်မတီတစ်ရပ်ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီ ၁၅ ဦးကော်မတီလှုပ်ရှားနိုင်ဖို့ နိုင်တလညီကအစစအရာရာ တာဝန်ယူပေးခဲ့တယ်လို့ သိရတယ်။
(ဤအခန်းမှာ စာရေးသူ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့သွားပြီး Kaowao Newsgruop မှာ သတင်းများ ရေးနေတဲကာလဖြစ်ပါတယ်)
အဲဒီ (၁၅) ဦးကော်မတီမှာ
၁။ နိုင်တင်အောင်
၂။ နိုင်ပန်းအောင်
၃။ နိုင်ထွန်းဖေ
၄။ Dr မင်းကြည်၀င်း
၅။ Dr မင်းစိုးလင်း
၆။ နိုင်မွန်ရာဇာ
၇။ နိုင်မောင်ညွန့်
၈။ ဆရာဇၞူမန်
၉။ Drမင်းနွယ်စိုး
၁၀။ Dr ဗညားအောင်မိုး
၁၁။ Dr မင်းလှအောင်
၁၂။ နိုင်လွီအောင်
၁၃။ နိုင်တက်ခေတ်
၁၄။ နိုင်စံတင်
၁၅။ နိုင်ချစ်ဦးတို့ ပါဝင်တယ်။
(၁၅) ဦးကော်မတီအနေနဲ့ မော်လမြိုင် NMSP ရုံးမှာ တစ်လတစ်ကြိမ် လှို့ဝှက်အစည်းအဝေးပြုလုပ်ခဲ့ပြီး ၁၅ လခန့်ကြာသောအခါ ရွေးကောက်ပွဲဝင်သင့်တဲ့ ၇ ဦး မဝင်သင့် ၇ ဦး ကြားနေ ၁ ဦး ဆိုပြီး အမြင် ၂ မျိုးဖြစ်လာတယ်။
**အမြင်သဘောထားကွဲသွားရာတွင်—
ပါတီမထောင်သင့်သည့်ဘက်ကပုဂ္ဂိုလ်များမှာ
============================
၁။ နိုင်တင်အောင်
၂။ နိုင်ပန်းအောင်
၃။ နိုင်ထွန်းဖေ
၄။ Dr မင်းကြည်၀င်း
၅။ Dr မင်းစိုးလင်း
၆။ နိုင်မွန်ရာဇာ
၇။ နိုင်မောင်ညွန့်တို့ဖြစ်ကြပြီးတော့—
ပါတီထောင်သင့်သည့်ဘက်တွင်—
==========================
၁။ ဆရာဇၞူမန်
၂။ Drမင်းနွယ်စိုး
၃။ Dr ဗညားအောင်မိုး
၄။ Dr မင်းလှအောင်
၅။ နိုင်လွီအောင်
၆။ နိုင်တက်ခေတ်
၇။ နိုင်စံတင် တို့ဖြစ်ကြသည်။
**နိုင်ချစ်ဦးမှာ—ကြားနေဖြစ်ပြီး နောက်ပိုင်း AMDP ပါတီထောင်သည့်အခါတွင်မှ ပါတီတည်ထောင်လိုသူထဲပါ၀င်လာတာဖြစ်တယ်။
နောက်ဆုံးမှာ အငြိမ်းစားပြည်နယ်ပညာရေးမှူး နိုင်ငွေသိန်းနဲ့ အငြိမ်းစား ပြည်နယ်ကျန်းမာရေးအရာရှိ ဒေါက်တာမင်းနွယ်စိုးတို့ဟာ နိုင်ငံရေးပါတီမဖွဲ့ရင်မဖြစ်တောတဲ့ အနေအထားရောက်လာပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီAMDP ဖွဲ့စည်းခဲ့ပါတယ်။
ချုပ်လိုက်ရင် အစာဇၞူဟာ အငြိမ်းစားယူတဲ့အချိန်မှာ မွန်အမျိုးသားပညာရေးကို အချိန်ပြည့်လုပ်ပေးဖို့ရည်မှန်းချက်ရှိခဲ့ပေမယ့် အချိန်မပေးနိုင်တော့ဘဲ နိုင်ငံရေးပိုးဝင်လာပြီး အခြေအနေတောင်းဆိုမှုအရ လိုအပ်လာတဲ့ မွန်နိုင်ငံရေးပါတီ ကွက်လပ်တစ်ခုကို လိုက်ပါဖြည့်ဆည်းပေးရင်းနဲ့ ၂၀၁၀ နောက်ပိုင်းမှာ မွန်ပါတီနှစ်ခုဖြစ်လာပြီး အဆင်မပြေဖြစ်မှုတွေနဲ့ အများကြီးကြုံခဲ့ရပါတယ်ခင်ဗျာ။
ကျေးဇူးတင်ပါတယ်။