ကော့ကရိတ်၊ ဇန်နဝါရီ (၂၅)
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကော့ဝါလဲကျေးရွာနေ အသက် (၆၀) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးမှာ ယမန်နေ့ မနက် (၇) နာရီအချိန်ခန့်က မြေမြှုပ်နင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အသက် (၆၀) နှစ်အရွယ် ဒေါ်ရင်ရွှေမှာ မြေမြှုပ်မိုင်းနင်းမိခဲ့ကြောင်း၊ ၎င်းမှာ ကော့ကျိုက်ဘုန်းကြီးကျောင်းသို့ ဆွမ်းကပ်လှူပြီးအပြန်တွင် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မိုင်းပေါက်ကွဲမှုဒဏ်ကြောင့် ဒေါ်ရင်ရွှေ ရဲဘယ်ဘက်ဒူးအောက်ပိုင်းပြတ်သွားတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေါ်ရင်ရွှေ အား ကျုံဒိုးမြို့ရှိပြည့်သူ့ဆေးရုံတွင် ဆေးကုသမှုပေးထားကြောင်း ၎င်းဒေသခံက ဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များ၏ ထက်ဝက်ကျော်တွင် မြေမြှုပ်မိုင်းအန္တရာယ်များရှိနေပြီး ယင်းဒေသနေ ပြည်သူလူထုအနေနှင့်ကလည်း မြေအောက်တွင်ရှိနေသော မမြင်နိုင်သည့် မိုင်းများကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်း၊အသက်သေဆုံးခြင်းများ ဖြစ်ပွားနေကြကြောင်း မြေမြှုပ်မိုင်း နှင့် ဆင့်ပွားပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များ စောင့်ကြည့်လေ့လာရေးအဖွဲ့ (LCMM) က ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလ (၂၈) ရက် သတင်းထုတ်ပြန်ထားသည်။