ဇန်နဝါရီ-(၂၄)
ဗိုလ်မှူးကြီးစောချစ်သူ ခေါင်းဆောင်သော ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF) သည် ငြိမ်းချမ်းရေးကိုသာ လိုလားပြီး စစ်ပွဲများကိုမဖြစ်စေလိုသည့်အတွက် တပ်မတာ်နှင့်အတူ ပူးပေါင်းစစ်ဆင်ရေးများ လုပ်ဆောင်တော့မည်မဟုတ်ကြောင်း သိရသည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင် ကရင်ပြည်နယ်၊ ဘားအံမြို့သို့ သွားရောက်၍ ယမန်နေ့(ဇန်နဝါရီ ၂၃ ) က ဗိုလ်မှူးကြီးစောချစ်သူ ခေါင်းဆောင်သော BGF ခေါင်းဆောင်များအား တွေ့ဆုံဆွေးနွေးခဲ့အပြီး ယင်းကဲ့သို့ တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဗိုလ်မှူးကြီး စောချစ်သူက “တပ်မတော်နဲ့ ပူးပေါင်းလာတာ နှစ် ၃၀ လောက်ရှိပါပြီ ဆက်လက်ပြီးတော့ ပူးပေါင်းချင်တဲ့ ဆန္ဒမရှိတဲ့အကြောင်း၊ ပူးပေါင်းရင် ကျနော်တို့ကရင်အချင်းချင်း ပြန်လည်တိုက်ခိုက်ရတဲ့ အကြောင်းတွေကိုပဲ ကျနော်တို့ဆွေးနွေးကြပါတယ်၊ ဇန်နဝါရီ ၁၃ ရက်နေ့ BGF ရဲ့ခေါင်းဆောင်များ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်းပဲ၊ ကျနော်တို့အားလုံး ဆုံးဖြတ်ပြီးပြီလေ၊ ကျနော်တို့လုံးဝမပူးပေါင်းတော့ပါဘူး” ဟု CNI သတင်းဌာန၏ အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ဖြစ်ပေါ်နေသော မြန်မာတစ်နိုင်ငံလုံးတွင် စစ်ပွဲများမဖြစ်စေလိုတော့ကြောင်း၊ စစ်မဖြစ်စေရန် အကောင်းဆုံးနည်းလမ်းကို ရှာဖွေဖြေရှင်းသင့်ကြောင်း ၄င်းက တိုက်တွန်းပြောဆိုခဲ့သည်။
“တပ်မတော်က ပံ့ပိုးတဲ့လစာတွေဆက်ယူဦးမယ်ဆိုရင်တော့ တပ်မတော်ရဲ့ ခိုင်းတဲ့အလုပ်ကို လုပ်ရမယ်၊ ခိုင်းတဲ့အလုပ်လုပ်ရမယ်ဆိုရင် ကျနော်တို့ကရင်အချင်းချင်းပဲ ပြန်တိုက်ရဦးမယ်၊ ကျနော်တို့ ကရင်အချင်းချင်း ကွဲသွားတာ ၁၉၉၄ ခုနှစ်၊ အနှစ် ၃၀ လောက်ရှိပြီဆိုတော့ လက်အောက်ငယ်သားတွေ တင်ပြလာတဲ့အပေါ်မှာ ကျနော်တို့ခေါင်းဆောင်တွေအားလုံး ဒါကိုဆုံးဖြတ်သင့်တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲလို့ ကျနော်တို့က အဲဒါကိုပဲ ဆုံးဖြတ်လိုက်တာပါ” ဟု ၄င်းက ဆက်ပြောသည်။
ဗိုလ်မှူးကြီး စောချစ်သူတို့ တပ်ဖွဲ့များအနေဖြင့် မြန်မာစစ်တပ်အား နှစ်ပေါင်း ၃၀ နီးပါး အကူအညီပေးခဲ့သဖြင့် တာဝန်ကျေသလောက်ရှိပြီဖြစ်ကြောင်း၊ ယင်းသို့ကူညီခဲ့မှုကြောင့် ကရင်အမျိုးသားများ၏အထင်အမြင်လွဲမှားမှုကို ခံခဲ့ရကြောင်း၊ မိမိတို့၏ ကရင်အမျိုးသားများအတွက် လုပ်ဆောင်ပေးသွားရမည့်တာဝန်များ ကျန်ရှိနေသေးကြောင်း အင်တာဗျူးတွင် ရှင်းလင်းပြောကြားခဲ့သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တွေ့ဆုံခဲ့အပြီး ဒေသဆိုင်ရာစစ်ဆင်ရေးကွပ်ကဲရေးမှူး (ဒကစမှူး) အဖြစ် ရာထူးတိုးပေးခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်များက ရေးသားဖော်ပြနေသော်လည်း ၄င်းရာထူးကို မိမိမလိုလားကြောင်း၊ ရာထူးတိုးသည်ကိုလည်း မသိကြောင်း၊ မြန်မာ့တပ်မတော်နှင့် လုံးဝပူးပေါင်းတော့မည် မဟုတ်ကြောင်း အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။_______________________________
နယ်ခြားစောင့်တပ်အနေနဲ့ စစ်ကောင်စီက ပေးတဲ့ ရိက္ခာနဲ့ လစာကိုမယူတော့ဘဲ ရပ်တည်မယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF) ကအထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ ကပြောပါတယ်။ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ကရင်ပြည်နယ်၊ဘားအံမြို့ ကို နေ့ချင်းပြန်သွားပြီး BGF က ဗိုလ်မှူးကြီး စောချစ်သူနဲ့ တွေ့ဆုံခဲ့ပြီး ဒီအတွက်ဆွေးနွေးတာတွေလုပ်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ထောက်ပံ့မှုကို BGF ဘာကြောင့်မယူတာလဲ။ BGFအနေနဲ့ ဘယ်လိုဆက်ပြီး ရပ်တည်မလဲဆိုတာတွေနဲ့ ထိုင်း – မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး သဘောထားဘယ်လိုရှိလဲ။ BGF ရဲ့ အထွေထွေအတွင်းရေးမှူးဗိုလ်မှူးကြီးစောချစ်သူနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားသည်။