နေပြည်တော်- ၉၊ ဇန်နဝါရီ၂၀၂၄။
မွန်ပြည်သစ်ပါတီ NMSP အပါအဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့တို့သည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC)နှင့် ယနေ့ဇန်နဝါရီ ၉ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုဖွံ့ဖြိုးရေးဌာန ဒုတိယတာဝန်ခံ နိုင်ညီညီ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဗဟို ဦးဆောင်ကော်မတီဝင် နန်းစံဖောင်း၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အဖွဲ့ဝင် ဦးခွန်ဥက္ကာနှင့် ဦးမျိုးဝင်း၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(A LP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)ဒုဥက္ကဋ္ဌ ကျာဖူး၊ KNU/KNLA-PC ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ခွန်မင်းသိန်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) ဆက်ဆံရေးဌာနမှူး စောကျော်သန်းဋ္ဌေးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေ့ဆက်လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ရှိရာဒေသများ၌ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကထား ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး နစကအစိုးရဘက်မှ NSPNC ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်တို့ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ်သစ်ဖြစ်လာသည့် လာအိုနိုင်ငံမှ Mr.Alounkeo Kittikhoun သည် NCA လက်မှတ်ရေးထိုးထားသော အဆိုပါ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့အား မနက်ဖြန် ဇန်နဝါရီ ၁၀ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။