ပေါင်၊ စက်တင်ဘာ (၁၇)
မွန်ပြည်နယ်၊ ပေါင်မြို့တွင် တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသည်ဆိုသည့် အမျိုးသမီးတစ်ဦး မှာ စက်တင်ဘာလ (၁၃) ရက်က ထပ်မံ ဖမ်းဆီးခံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။
တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသည့် အတွက် ဖမ်းဆီးခံရသူမှာ ပေါင်မြို့၊ ကဒုံစီးရပ်ကွက်နေ မထွေးထွေးစိုး ဆိုသူဖြစ်ကြောင်း ပေါင်မြို့ခံတစ်ဦး က ပြောကြားသည်။
၎င်းကဆက်လက်ပြီး “သူ (မထွေးထွေးစိုး) က ထိုင်းနိုင်ငံရှိတဲ့ အမဖြစ်သူနဲ့ ချိတ်ဆက်ပြီးတော့ တရားမဝင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေလို့ အဖမ်းခံရတာလို့ သိရတယ်” ဟု ပြောကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၅) ရက်ကလည်း မွန်ပြည်နယ် သထုံ နှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ လိုင်စင်မရှိဘဲ လုပ်ကိုင်နေသည့် တရားမဝင်ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူများအား အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးခဲ့ကြောင်းနှင့် ၎င်းတို့ နှစ်ဦးအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာဥပဒေပုဒ်မ – ၁၇၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ပြည်ပမှ ငွေလွှဲမှုအား တရားဝင်ငွေလွှဲလုပ်ငန်း လိုင်စင်မရှိပဲ လုပ်ဆောင်သူများအား စုံစမ်းစစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် စစ်ဆေးတွေ့ရှိပါက ငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာဥပဒေပုဒ်မ – ၁၇၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူများထံမှ သိရသည်။
လတ်တလော မွန်ပြည်နယ်အတွင်း လိုင်စင်မရှိဘဲတရားမဝင်ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူများအား ဆက်တိုက်ဖမ်းဆီးနေသည့်အတွက် ငွေလွှဲလုပ်ငန်းအတော်များများ ရပ်နားထားကြကြောင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသူများထံမှ သိရသည်။