လောင်းလုံး စက်တင်ဘာ (၁၁)
တနင်္သာရီတိုင်းဒေသကြီး၌ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဒေသခံပြည်သူသုံးသောင်းခွဲကျော် စစ်ဘေးရှောင်နေရကြောင်း ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။
ထားဝယ်ဒေသ အရှေ့တောနယ်ရှိ ဝကုန်းကျေးရွာဘက်သို့ မြန်မာစစ်တပ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် အနီးအနားကျေးရွာများဖြစ်သည့် ရမ္မဇူ၊ ဘဝပင်၊ သင်္ကန်းတုန်း၊ သရက်ငုတ်၊ လိပ်ကြယ်ပြောင် အစရှိသော ကျေးရွာများက ဒေသခံ၂၀၀၀ ကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ စစ်ကြောင်းပြန်ထွက်သွားချိန်တွင် နေရပ်ပြန်သူများ ရှိနေပြီဖြစ် သော်လည်း ပြည်သူ (၅၀၀) ခန့်မှာ အမြဲတမ်းစစ်ရှောင်များအနေဖြင့် ရှိနေကြောင်း သိရသည်။
ထို့အတူ ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ရေနက်ဆိပ်ကမ်းဧရိယာတဝိုက်အား မြန်မာစစ်တပ်မှ စစ်ကြောင်းထိုးပြီး နေအိမ်များအား မီးရှို့ခြင်း၊ အရပ်သားများအား ဖမ်းဆီး ခေါ်ဆောင်သွားခြင်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဧကနိ၊ ဝဇွမ်းတော၊ ခမောင်းချောင်း၊ ဝက်ချောင်း၊ မူးဒူး၊ လဲရှောင်၊ ထိန်ကြီး၊ ပရဒတ်၊ ရငဲ အစရှိသည့် ကျေးရွာများမှ ဒေသခံ (၈,၀၀၀) ခန့် မှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ထံက ဆိုသည်။
၎င်းတို့အထဲမှ တချို့ ဒေသခံများ နေရပ်ပြန်ကြပြီဖြစ်သော်လည်း ပြည်သူ (၃,၀၀၀) ကျော်မှာ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
အလားတူ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်းမှာလည်း မြန်မာစစ်တပ်၏ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ရွာပေါင်း ၉ ရွာက ဒေသခံပြည်သူထောင်နှင့်ချီကာ ယာယီစစ်ရှောင်ခဲ့ရကြောင်းနှင် ယခုနှစ် ဇွန်လကတည်းက စစ်ဘေးရှောင်နေရသည့် ရငဲကျေးရွာ မှ ဒေသခံပြည်သူ (၂,၀၀၀) ခန့်မှာလည်း လက်ရှိ အချိန်အထိ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း ဒေါန တနင်္သာရီ – စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
၎င်းအပြင် လောင်းလုံးမြို့နယ် အတွင်းမှာလည်း မြန်မာစစ်တပ်မှ စစ်ကြောင်းထိုးလာပြီး လူသားဒိုင်းကာအနေဖြင့် ဒေငခငခံများအား ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့သည့်အတွက် တီဇစ်ကျေးရွာနှင့် ဂေါ့အင်းကျေးရွာက ဒေသခံပြည်သူ (၁,၅၀၀) ခန့်မှာ စစ်ဘေးရှောင်ခဲ့ရပြီး၊ ယခင်လများ ကတည်းက စစ်ဘေးရှောင်နေရသည့် အမြဲတမ်းစစ်ရှောင် (၅၀၀၀) အပါအဝင် ပြည်သူ (၆၅၀၀) ခန့်စစ်ဘေးရှောင်ခဲ့ရသည့်အပြင် လက်ရှိအချိန်အထိလည်း စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း အထောက်အကူပြုရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်အတွင်းမှာလည်း စစ်ရှောင်စခန်းများတွင် နေထိုင်နေရသည့် အမြဲတမ်းစစ်ရှောင် (၂,၆၀၀) ကျော်အပါအဝင်၊ မြန်မာစစ်တပ်က အရပ်သားပြည်သူများအား ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသဖြင့် နီးစပ်ရာမြို့/ရွာများသို့ပြောင်းရွှေ့နေထိုင်နေရသည့် ဒေသခံပြည်သူ (၁၀,၀၀၀) ခန့်ရှိနေကြောင်း ဒေါန တနင်္သာရီ – စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က ဆိုထားသည်။
ထို့အတူ တနင်္သာရီမြို့နယ်အတွင်းက အနောက်မော်တုန်းနှင့် ဘန်လောကျေးရွာအုပ်စုအတွင်းက ဒေသခံ ပြည်သူ (၄,၀၀၀) ခန့် မှာ စစ်ဘေးရှောင်နေရပြီး၊ ၎င်းတို့အထဲမှ ဒေသခံပြည်သူ (၃,၇၀၀) ကျော်မှာ နေရပ်မပြန်နိုင်သေးဘဲ အမြဲတမ်းစစ်ရှောင်များအနေဖြင့် ရှိနေကြကြောင်း သိရသည်။
“စစ်ရှောင်ပြည်သူတွေအတွက် လိုအပ်ချက်ကတော့အမြဲရှိနေပါတယ်။ စစ်ဘေးရှောင်နေရတော့ ဘာစီးပွားရေးမှ လည်းလုပ်လို့မရကြတော့။ တကယ်လည်း စားရေးသောက်ရေး ခက်ခဲနေကြတယ်” ဟု တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်များအား ကူညီနေသူတစ်ဦးက ပြောကြားသည်။
အလားတူ ကော့သောင်းမြို့နယ်အတွင်းမှာလည်းပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ် နှစ်ဖက်ပစ်ခတ်မှုများဖြစ်ခဲ့သည့် မလိဝမ်းကျေးရွာက ဒေသခံ ပြည်သူ (၁၀၀) ခန့် မှာ ထိုင်းနိုင်ငံဘက်ကို ယာယီစစ်ဘေးရှောင်ထွက်ပြေးခဲ့ရကြောင်း သိရသည်။
စစ်ဘေးရှောင်ပြည်သူအရေအတွက်မှာ စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှုအခြေအနေပေါ်မူတည်ပြီး၊ ကိန်းသေမရှိဘဲ အပြောင်းအလဲ ရှိနိုင် ကြောင်းလည်း စစ်ရှောင်အရေးကူညီပေးနေသူများ၏ ပြောကြားချက်များ အရ သိရသည်။
Photo Credit – ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့