ကျိုက္ခမီ စက်တင်ဘာ (၇)
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပင်လယ်ပြင်အတွင်း ငါးဖမ်းစက် နှစ်စီးလှေစီး ပေါ်၌ စက်တင်ဘာလ (၅) ရက်က လှေဦးစီး (ပဲ့နင်း) နှစ်ဦး အသတ်ခံခဲ့ရကြောင်း ကျိုက္ခမီမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက် နံနက်အစောပိုင်းအချိန်က ငါးဖမ်းစက်လှေတစ်စီးမှာ ကျိုက္ခမီကမ်းခြေမှ ရေမိုင် (၈၀) ခန့်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေရာ ပဲ့နင်းဖြစ်သူ ဦးလှမျိုး မှာ ၎င်း၏ ပဲ့နင်းအခန်းအတွင်း အိပ်ပျော်နေစဉ် လှေသားများဖြစ်ကြသည့် ဝင်းနိုင်ဦး (ခ) နှုတ်ခမ်းမွှေး၊ ကရင် (ခ) ခင်ဇော်မျိုး၊ စန်းငွေ (ခ) ကုလား တို့ (၃) ဦးမှာ လုင်ငန်းခွင်၌ ဆဲဆိုစေခိုင်းခံရမှုအပေါ် မကျေနပ်ဖြစ်ကာ ဝင်းနိုင်ဦး (ခ) နှုတ်ခမ်းမွှေး က ငါးခွဲဓါးဖြင့် ပဲ့နင်းအခန်းထဲဝင်ရောက် ထိုးခြင်း၊ ကရင် (ခ) ခင်ဇော်မျိုး နှင့် စန်းငွေ (ခ) ကုလား တို့မှ တုတ်များကိုင်ဆောင်၍ ကိုလှမျိုး ထွက်ပြေးလာပါက ဝိုင်းဝန်းရိုက်နှက်ရန်နှင့် အခြားသူများ ဝင်မလာစေနိုင်ရန် အခန်းအပေါက်ဝ မှ စောင်ဆိုင်းခြင်းများ ပြုလုပ်ခဲ့ကြသည်ကို လှေပေါ်ကျန်ရှိသူများ၏ ပြောကြားချက်များအရ သိရကြောင်း ကျိုက္ခမီမြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ကိုလှမျိုး ကတော့ ဓါးဒဏ်ရနဲ့သေဆုံးသွားတယ်။ အဲ့ဒီနောက်မှာ ဝင်းနိုင်ဦး (ခ) နှုတ်ခမ်းမွှေး က လက်ထောက်ပဲ့နင်း နှင့် စက်ဆရာ တို့ကို ခြိမ်းခြောက်ပြီး ကမ်းကပ်ခိုင်းတယ်။ လှေက ရေးမြို့နယ် ကဗျာဝကမ်းခြေအနီးရောက်တော့ ဝင်းနိုင်ဦး (ခ) နှုတ်ခမ်းမွှေး နဲ့ (၂) ဦးက ကမ်းခြေအနီးမှာ တွေ့ရတဲ့ ကျားလှေတစ်စီးပေါ်ဆင်းပြေးသွားကြတယ်။ ငါးဖမ်းလှေကတော့ ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်က ကျားဆိပ် ဆိပ်ကမ်း ကို မနေ့ (စက်တင်ဘာလ (၆) ရက်) က ပြန်ရောက်လာတယ်” ဟု ပြောကြားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သတ်၍ အသတ်ခံခဲ့ရသည့် ပဲ့နင်း ဦးလှမျိုး ၏ မိသားစုဝင်များမှ သက်ဆိုင်ရာ ကျိုက္ခမီနယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းကာ အမှုဖွင့်ထားသည်ဟု သိရကြောင်း ၎င်းမြို့ခံက ဆိုသည်။
အလားတူ စက်တင်ဘာလ (၅) ရက် နံနက် (၃) နာရီခွဲ အချိန်ခန့်က ကျိုက္ခမီကမ်းခြေမှ ပင်လယ်ပြင်ရေမိုင် (၆၀) ခန့်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် သံလွင် (၅) ငါးဖမ်းစက်လှေပေါ်မှ ပဲ့နင်းဖြစ်သူ ဦးကျော်စွာလင်း မှာ ပဲ့နင်းအခန်း၌ အိပ်ပျော်နေစဉ် လှေသားများဖြစ်ကြသော ထက်ပိုင် ဆိုသူမှ အခန်းအတွင်းဝင်ရောက်ကာ ဝမ်းဗိုက်အား ငါးခွဲဓါးဖြင့် (၂) ချက်ထိုးခဲ့ကြောင်း၊ ထိုစဉ် ကိုကျော်စွာလင်းမှာ အော်ဟစ်ရုန်းထရာ သန်းနိုင် ဆိုသူမှ တူဖြင့် ဦးခေါင်းအားထုခဲ့ပြီး ထက်ပိုင် မှ လည်ပင်းအား ထပ်မံလှီးခဲ့ကြောင်း၊ ထို့နောက် ကိုကျော်စွာလင်း ၏ အလောင်းအား ထက်ပိုင်၊ သန်းနိုင် နှင့် အေးနိုင်ဝင်း ဆိုသူတို့မှ ကျောက်ဆူးတွင်ကြိုးဖြင့်တုပ်ချည်ပြီး အနီးရှိ ထက်အောင် နှင့် သန်းမင်းစိုး ဆိုသူတို့နှင့်အတူ ပင်လယ်ထဲသို့ ပစ်ချခဲ့ကြောင်းကို ငါးဖမ်းလှေပေါ်ကျန်ရှိသည့် လှေလုပ်သားများ၏ ပြောကြားချက်များအရ သိရသည်။
ထို့နောက် လှေလုပ်သား ထက်ပိုင် မှ စက်ဆရာ အား ခြိမ်းခြောက်၍ ကမ်းကပ်ခိုင်းရာ ငါးဖမ်းစက်လှေမှာ သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာအနီး ကမ်းခြေအရောက်တွင် ထက်ပိုင် အပါအဝင် လှေသား (၅) ဦးမှာ လှေပေါ်မှဆင်းကျန်ထွက်ပြေးသွားကြောင်း နှင့် ထိုငါးဖမ်းလှေမှာ ကရုပ္ပကျေးရွာလှေဆိပ်တွင် ဆိုက်ကပ်ထားကြောင်းလည်း သိရသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပဲ့နင်း ဦးကျော်စွာလင်း ကို သတ်ဖြတ်ခဲ့သည့် လှေသား ထက်ပိုင်အပါအဝင် (၅) ဦးအား သက်ဆိုင်ရာ ကျိုက္ခမီနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကျိုက္ခမီပင်လယ်ပြင်အတွင်း ငါးဖမ်းလှေဦးစီး (ပဲ့နင်း) များမကြာခဏ တိုက်ခိုက်ခံရဖူးကြောင်း နှင့် ပြီးခဲ့သည့် ဇူလိုင်လ နှင့် ဩဂုတ်လအတွင်းကလည်း ပဲ့နင်း (၃) ဦးဓါးထိုးခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ (၂) ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ဖူးကြောင်း ကျိုက္ခမီမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။