နေပြည်တော်၊ သြဂုတ် (၃၁)
မွန်ညီညွတ်ရေးပါတီ MUP (ကရင်ပြည်နယ်) က မွန်တိုးတက်ရေးပါတီအမည်ဖြင့် ပါတီတည်ထောင်ခွင့်လျှောက်ထားကြောင်း သိရသည်။
“မွန်ညီညွတ်ရေးပါတီဗဟိုက မွန်ပြည်နယ်အနေနဲ့မှတ်ပုံတင်တယ် ကရင်ပြည်နယ်က မွန်ညီညွတ်ရေးပါတီကျတော့ မွန်တိုးတက်ရေးပါတီအနေနဲ့ မှတ်ပုံတင်တယ်၊ တနသႅာရီတိုင်းဒေသကြီး မွန်ညီညွတ်ရေးပါတီကတော့ နယ်မြေအနေအထားအရ အခြေအနေမပေးသေးလို့ မတင်ဖြစ်သေးပါ” ဟု မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ကောင်းဝါသို့အတည်ပြု ပြောကြားသည်။
သို့ရာတွင် ယခင်မွန်ညီညွတ်ရေးပါတီဗဟိုအနေဖြင့် မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီအဖြစ် ပြီးခဲ့သည့် မတ်လလယ်ကတည်းက ပါတီမှတ်ပုံတင်ထားဆဲဖြစ်သော်လည်း ပါတီတည်ထောင်ခွင့်မကျသေးပေ။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော မွန်တိုးတက်ရေးပါတီသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဩဂုတ် ၃၀ ရက်က လာရောက်လျှောက်ထားခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
အဆိုပါ ပါတီတည်ထောင်ခွင့်လျှောက်ထားသည့်ပါတီကို ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက် စိစစ်ဆောင်ရွက်နေကြောင်း သိရသည်။
ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လျှောက်ထားသည့် ပါတီ ၁၄ ပါတီ ရှိပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသော ပါတီ ၅၀ ရှိပြီး စုစုပေါင်း ၆၄ ပါတီရှိကြောင်း သိရသည်။
၄င်းပါတီများအနက် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမယ့် ပါတီ ၁၂ ပါတီရှိပြီး ၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန် ၅ ပါတီကို ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။