မုဒုံ ဩဂုတ် (၂၈)
လာမည့် ဩဂုတ်လ (၃၁) ရက် ဝါခေါင်လပြည့်နေ့တွင် ကျရောက်မည့် (၇၆) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား မွန်ပြည်နယ် မုဒုံမြို့နယ် ကျောက်တစ်လုံးကျေးရွာအုပ်စု၊ မြိုင်ကုန်းကျေးရွာ ဝင်းစိန်တောရ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ မွန်အာဇာနည်ကုန်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။
ယခုနှစ် မွန်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားအား မွန်လူငယ်ဆုံရပ်အဖွဲ့ (MYF) ၊ တိုးတက်သော မွန်လူငယ်များအဖွဲ့ (MYPO) ၊ မွန်လူငယ်ပညာပေးအဖွဲ့ (MYEO) နှင့် မွန်လူမှုအဖွဲ့အစည်း တို့က ပူးပေါင်းကာ ဦးဆောင်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် “တော်လှန်ရေး အင်အားကြီးမားမှ လူမျိုးအခွင့်အရေးပေါ်ပေါက်မည်” ဆိုသော ကြွေးကြော်သံဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်တော်လှန်ရေးနေ့ ကျင်းပရေးကော်မတီဝင် တစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “မွန်တော်လှန်ရေးနေ့အခမ်းအနားကို ဒီနှစ်မှ ပြန်လည်ကျင်းပနိုင်တာကြောင့် အခမ်းအနားကျင်းပနေကြ အရင်နေရာဟောင်းဖြစ်တဲ့ ဝင်းစိန်တောရကျောင်းဝင်းအတွင်းမှာရှိတဲ့ မွန်အာဇာနည်ကုန်းနေရာကို ရွေးချယ်သတ်မှတ်ခဲ့ကြတာပါ” ဟု ပြောကြားသည်။
မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများအား (၂၀၁၉) ခုနှစ်အထိ စည်ကားသိုက်မြိုက်စွာကျင်းပလာခဲ့ရာမှ (၂၀၂၀) ပြည့်နှစ်တွင် Covid ကပ်ရောဂါ နှင့် နိုင်ငံရေးအခြေအနေများကြောင့် မွန်တော်လှန်ရေးနေ့ အခမ်းအနားအား အကျဉ်းချုံးသာ ကျင်းပပြုလုပ်ခဲ့ရကြောင်း သိရသည်။
ထို့အတွင် (၇၆) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများအား မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများတွင်းတွင်လည်း ကျင်းပပြုလုပ်သွားရန်ရှိကြောင်း မွန်ပြည်သစ်ပါတီ မှ တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် မွန်ပြည်နယ်အဖြစ်သတ်မှတ်ပေးရန် ထိုစဉ်အခါက ဖ.ဆ.ပ.လ အစိုးရက အကြောင်းအမျိုးမျိုးပြနေသောကြောင့် (၁၉၄၈) ခုနှစ် ဩဂုတ်လ (၁၉) ရက် (ဝါခေါင်လပြည့်နေ့) တွင် မွန်လူငယ် (၂၇) ဦးမှ ဦးဆောင်ပြီး ဇာသပြင်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးအစပြုခဲ့သည့်နေ့အား အစွဲပြု၍ မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။