ဘီးလင်း ဩဂုတ် (၈)
မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ကျရေလိမ့်ဆင်းမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးအပတ်အတွင်းမှ စတင်ကာ ဘီးလင်းမြစ်ရေတိုးလာပြီး ရေကြီးနစ်မြုပ်မှုများကြောင့် ဘီးလင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက ထက်ဝက်ခန့်ပျက်စီးနိုင်ကြောင်း စပါးစိုက်တောင်သူများက ခန့်မှန်းပြောဆိုနေသည်။
ယနေ့ (ဩဂုတ်လ (၈) ရက်) နံနက် (၁၀) နာရီခွဲအချိန်တိုင်းတာချက်များအရ ဘီးလင်းမြစ်ရေမှာ ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၁၀၂၂) စင်တီမီတာကိုကျော်လွန်ကာ (၁၀၇၁) စင်တီမီတာသို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
“ကျွန်တော်တို့ဆီမှာရှိတဲ့ လက်ရှိလယ်တွေမှာတော့ ရေတွေမြုပ်နေတုန်းဘဲ။ တချို့လယ်သမားတွေကျတော့ စပါးစိုက်တာစောတော့ စပါးပြန်ပေါ်တာမျိုးတွေရှိတယ်။ အပျက်အဆီးနည်းနည်းသက်သာတယ်ပေါ့နော်။ စပါးစိုက်ပျိုးပြီးတာနဲ့ ရေမြုပ်သွားတဲ့လယ်တွေကတော့ လုံးဝပြန်မရတော့ဘူး။ အခုလက်ရှိမှာလည်း ရေပေါ်မပေါ်တော့တဲ့လယ်တွေအများကြီးဘဲ။ ဒီနေ့(ဩဂုတ် (၈) ရက်) မှာလည်း ဘီးလင်းမြစ်ရေက ပြန်ထလာပြန်ပြီး” ဟု တောင်စွန်းကျေးရွာမှ စပါးစိုက်တောင်သူတစ်ဦး က ပြောကြားသည်။
ဘီးလင်းမြစ်ရေ မြင့်တက်လာသည့်အတွက် မြစ်အောက်ပိုင်းရှိ ဘီးလင်းမြို့နယ်အတွင်းမှ တောင်စွန်း၊ တဘက်ဆွဲ၊ နှင်းပုလဲ၊ ရွှေလှေ၊ ညောင်ပလ္လင်၊ လိပ်ခုံး အစရှိသည့် ကျေးရွာအုပ်စုများအတွင်းရှိ မိုးစပါးစိုက်ပျိုးထားသော လယ်များရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေသည်။
၎င်းကဆက်လက်ပြီး “လယ်တွေရေမြုပ်ကုန်တော့ စပါးပင်တွေက ဝါကျင်ကျင်ဖြစ်နေပြီးတော့ အပင်ဂုတ်တွေကျိုးကုန်ပြီး။ ပြန်ရဖို့တော့ သိပ်မသေချာတော့ဘူး။ နောက်ပြီးအချိန်အခါလည်း မမှီတော့ဘူး။ အခုအချိန်မှ ပြန်ပျိုးထောင်မယ်ဆိုရင်လည်း သိပ်မမှီတော့ဘူး။ ရာသီဥတုအခြေအနေအရတော့ သိပ်အဆင်မပြေတော့ဘူး။ ပျက်ဆီးမှုအခြေအနေက လယ်တွေအကုန်လုံးရေမြုပ်ကုန်တော့ စပါးပျက်ဆီးမှုကအနည်းဆုံး (၅၀) ရာခိုင်နှုန်းလောက်တော့ပျက်ဆီးသွားနိုင်တယ်” ဟု ပြောကြားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တောင်စွန်းဘက်မှ လယ်တချို့ပြန်ပေါ်လာသော်လည်း စပါးပင်များ ပြားကား ဝါထိန်ကုန်ပြီး အပင်များဂုတ်ကျိုးနေကြပြီးဖြစ်ကြောင်း နှင့် ရေမြုပ်နေသည့် လယ်များ၏ (၅၀) ရာခိုင်နှုန်းခန့် ပျက်စီးကုန်ပြီးဖြစ်ကြောင်း ၎င်းတောင်သူက ဆိုသည်။
အလားတူ ဘီးလင်းမြစ်အောက်ပိုင်းရှိ သထုံမြို့နယ်အတွင်းမှ ကျေးရွာများအတွင်းတွင်လည်း ရေကြီးရေလျှ့မှုများကြောင့် လယ်များ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေကြောင်း ဒေသခံလယ်သမားများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကတည်းက စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စုအတွင်းရှိ လယ်များ ရက်အတန်ကြာရေကြီးနစ်မြုပ်မှုများဖြစ်နေသည့်အတွက် စပါးပင်များ ပျက်စီးထိခိုက်မှုများရှိနေကြောင်း ဒုံဝန်းကျေးရွာဒေသခံ လယ်သမားတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဒီဘက်မှာက လယ်တွေရေမြုပ်နေတာ ရက်သတ္တတစ်ပတ်ကျော်သွားပြီး။ အခုလည်း လယ်တွေရေမြုပ်နေတုန်းဘဲ။ လယ်တွေ ဆက်ပြီးရေမြုပ်နေဦးမယ်ဆိုရင် စပါးပင်တွေ ပျက်ဆီးဆုံးရှုံးမှုတွေရှိလာနိုင်ပါတယ်” ဟု ပြောကြားသည်။
“လက်ရှိအခြေအနေတွေအရ လယ်ယာလုပ်ငန်းခွင်တွေမှာ လုပ်သားရှားပါးမှုတွေနဲ့ အထွေထွေကုန်ကျစရိတ်တွေ များလာတဲ့အတွက်ကြောင့်ကို တောင်သူအများစုက ပျိုးထောင်စိုက်ပျိုးတာမျိုးမလုပ်ကြတော့ဘဲ၊ အစေ့ဖောက်ပြီးကြဲပက်တဲ့စနစ်ဘဲ မိုးစပါးကိုစိုက်ပျိုးကြရတာပါ။ မိုးစပါးကို အများအားဖြင့်က သက်ငယ်နဲ့ သက်လတ်စပါးတွေဘဲ စိုက်ပျိုးကြတာများပါတယ်။ အခုလယ်တွေ ရေကြီးနစ်မြုပ်နေတာ ဘယ်လောက်ကြာမလဲမသိသေးဘူး။ မိုးစပါးထပ်စိုက်ဖို့အခြေအနေပေးပါ့မလား စောင့်ကြည့်နေတုန်းဘဲ။ သေချာတာကတော့ အရှုံးပေါ်တော့မယ်” ဟု ၎င်းတော်သူက ပြောကြားသည်။
ထို့အပြင် သထုံမြို့နယ်အတွင်းမှ ဒုံဝန်း၊ မိုးကောင်း၊ ဓနုကတိုက်၊ ကတိုက်ကလေး၊ တောင်ကြီးအစရှိသော ကျေးရွာအုပ်စုများအတွင်းရှိ လယ်များ၌ စိုက်ပျိုးထားသည့် မိုးစပါးများမှာ ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးအပတ်အတွင်းမှစတင်ကာ ရေကြီးနစ်မြုပ်မှုဒဏ်ခံနေရကြောင်း လယ်စိုက်တောင်သူများ၏ ပြောကြားချက်များအရ သိရသည်။