မော်လမြိုင်၊ ဩဂုတ် ၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဒေသခံများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးသည့် နဂါးမောက်သီးများ အရောင်းအဝယ်သွက်နေကြောင်း တောင်သူများထံမှ သိရသည်။
ပြည်တွင်းစိုက်ပျိုးသော နဂါးမောက်သီးများသည် ဈေးနှုန်းသင့်တင့်ပြီး အရသာကောင်းသောကြောင့် ဝယ်ယူမှု များလာခြင်းဖြစ်ကြောင်း စိုက်ပျိုးတောင်သူ တစ်ဦးက ပြောသည်။
“တစ်နိုင်တစ်ပိုင်ဆိုပေမယ့် အရင်နှစ်တွေက အဲလောက်မရောင်းရဘူး။ ဒီနှစ်တော့ စိုက်ဖြစ်ထွန်းတယ်ပြောရမယ်။ အသီးကောင်း တယ်။ လူကြိုက်လည်းများနေတယ်”ဟု ၎င်းက ပြောသည်။
ဈေးနှုန်းအနေဖြင့် နဂါးမောက်သီးအလုံးကြီး တစ်လုံးလျှင် ငွေကျပ် ၁၂၀၀ မှ ၁၅၀၀ကျပ် ခန့် ရောင်းချရပြီး အလုံးသေး တစ်လုံးလျှင် ငွေကျပ် ၁၀၀၀ မှ ၁၂၀၀ ကျပ် ဖြင့် ရောင်းချရကြောင်း ဆက်ပြောသည်။
နဂါးမောက်သီးကို ဥယျာဉ်ခြံမြေများနှင့် နေအိမ်များအတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြခြင်းဖြစ်သည်။
နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် ရာသီဥတုစိုစွတ်အေးမြသောနေရာတွင်သာ စိုက်ပျိုးအောင်မြင်မှုရှိပြီး စိုက်ပျိုးပြီးတစ်နှစ်အကြာတွင် ရောင်းတန်းဝင် နဂါးမောက်သီးများကို စတင်ဆွတ်ခူးရောင်းချ၍ ရပြီဖြစ်ကြောင်း သိရသည်။
မော်လမြိုင်၊ ဖက်ခင်းလမ်းမှ သစ်သီးဝလံရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက “ပြည်ပက ဝင်တဲ့အသီးတွေလည်းရှိတယ်။ ဒါပေမယ့် အခုက ပြည်တွင်းက အသီးက ပိုအရောင်းသွက်တယ်။ ဈေးလည်းသင့်တယ်။ အလုံးတွေလည်းလှတယ်”ဟု ပြောသည်။
လက်ရှိတွင် နဂါးမောက်သီးကို ကျန်းမာရေးနှင့် ညီညွတ်သောသီးနှံဖြစ်သည့်အတွက် ပြည်သူများက ဝယ်ယူ စားသုံးကြကြောင်း ၎င်းက ဆက်ပြောသည်။
နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီး ဟူ၍ (၂)မျိုးရှိပြီး အနီသီးသည် အစာချေဖျက်အားကောင်းပြီး ဆီး ၊ ဝမ်း မှန်စေသည့်အပြင် သွေးတိုး ၊ ဆီးချိုရောဂါရှိသူများ စားသုံးပါက ကျန်းမာရေးကောင်းမွန်စေကာ ဆေးဘက်ဝင်သည့်အတွက် ပိုမိုအရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
ပုံစာ-ပေါင်မြို့နယ်ထွက် နဂါးမောက်သီး-(ပြန်ဆက်)