သြဂုတ်- ၆
မီးလောင်ဒဏ်မခံလိုက်ရသည့် မော်လမြိုင်မြို့ အထက (၉) အခြေခံပညာကျောင်း စာသင်ဆောင်များတွင် ကျောင်းသား (၃၀၀၀) နီးပါးခန့်အား စာသင်ချိန်နှစ်ချိန်ခွဲကာ ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီတနင်္လာနေ့ ကျောင်းပြန်ဖွင့်မှာ။ စာသင်တာတော့ နှစ်ချိန်ခွဲပြီးတော့ သင်မှာပါ။ မနက် ၇ နာရီကနေ ၁၂ နာရီ တစ်သုတ်သင်မယ်။ တစ်ချို့အတန်းလေးတွေကတော့ ၁၂ နာရီခွဲကနေ ၄ နာရီခွဲ လုပ်မယ်၊ Grade 9၊ 10၊ 11၊ 12 တွေကတော့ အရင်အတိုင်း ၉ – ၃ နာရီလုပ်မယ်”ဟု ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဂႅလိပ်ကိုလိုနီလက်ထက်မှ နှစ်ပေါင်း (၁၂၄) သက်တမ်းရှိ “ရှင်မဟာဗုဒ္ဒဃောသကျောင်း” အဖြစ်သမိုင်းတွင်ခဲ့သော ပထမဦးဆုံး အမျိုးသားကျောင်းဖြစ်ခဲ့သည့် အထက(၉) အခြေခံပညာကျောင်းသည် သြဂုတ်လ ၄ ရက် နံနက် ၁ နာရီအချိန်ခန့်က ဝါယာရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ထားသည်။
ကျောင်းအုပ်ကြီး ရုံးခန်း၊ စာရေးအခန်းနှင့် စာသင်ခန်း(၉)ခန်းပါ နှစ်ထပ်ဆောင်၊ စာသင်ခန်း (၇)ခန်းပါ သုံးထပ်ဆောင်တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး လက်ရှိတွင် အထက(၉)အခြေခံပညာကျောင်း မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။