မြဝတီ ဩဂုတ် (၄)
မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “ဟိန်စိန်(၂)”ကာစီနိုရုံတွင် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦးမှာ ဆက်လက်အလုပ်လုပ်ကိုင်လိုခြင်းမရှိဟုဆိုကာ ဩဂုတ် (၂) ရက် နံနက် (၁) နာရီအချိန်ခန့်က သောင်းရင်းမြစ်ထဲသို့ ခုန်ချထွက်ပြေးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးသည့် တရုတ်နိုင်ငံသား၏ရုပ်အလောင်းကို ဩဂုတ် (၂) ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
၉၉၉ လုံးဂိတ်အနီးတွင်ဖွင့်လှစ်ထားသည့် အဆိုပါ ဟိန်စိန် (၂) ကာစီနိုရုံမှ တရုတ်နိုင်ငံသားများသည် မကြာခဏ သောင်းရင်းမြစ်အတွင်းခုန်ချပြီးထိုင်းဘက်ကမ်းသို့ ထွက်ပြေးလျှက်ရှိသည်ဟုလည်း ဒေသခံများက ပြောကြားသည်။
“တချို့ကတော့လွတ်သွားတယ်။ တချို့က အကျမ တော်ပဲခြေထောက်ကျိုးပြီး ပြန်ဖမ်းမိတာတွေရှိတယ်” ဟု ဒေသခံတစ်ဦးကပြောကြားသည်။
ထိုင်းနယ်စပ် မြန်မာဘက်ခြမ်း မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်း တလျောက်ဖွင့်လှစ်ထားသည့် Online ကာစီနိုရုံများတွင် လစာကောင်းကောင်းရမည်ဟု မက်လုံးပေးကာ ထိုင်း၊ တရုတ်၊ မလေးရှား၊ အိန္ဒိယ၊ ကမ္ဘောဒီးယာ၊ အင်ဒိုနီးရှား အပါအဝင်အာရှနိုင်ငံများမှ နိုင်ငံသားများလူကုန်ကူးခံရလျှက်ရှိကြောင်း ထိုင်းဘက်မှလာသည့် သတင်းများအရ သိရသည်။
လူကုန်ကူးသူများက အင်္ဂလိပ်စာ 4 Skill ၊ တရုတ်စကားနှင့် တရုတ်စာရပါက မြန်မာငွေကျပ် (၁၅) သိန်းမှ သိန်း (၂၀) အထိရရှိမည်ဟု မက်လုံးပေးခေါ်ဆောင်လျှက်ရှိကြကြောင်း သိရသည်။