သြဂုတ် ၄။
ထိုင်းနိုင်ငံ ပတ္တယားမြို့ တောင်ကုန်းပေါ်ရှိ အပန်းဖြေစခန်းတစ်ခု၌ အရှေ့အလယ်ပိုင်း ခရီးသွားအဖွဲ့တစ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီးသွားသည့်ပုံစံ ဗီဒီယိုရိုက်ကူးပြီး အွန်လိုင်းလူမှုကွန်ရက်တင်သူ မြန်မာနိုင်ငံသားနှစ်ဦးကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ထို့ကြောင့် ဗီဒီယိုများ၏ အကြောင်းအရာများကို သေချာစဉ်းစားထုတ်လုပ်ရန် နှင့် အကြမ်းဖက်ပုံစံကဲ့သို့သော ဗီဒီယိုဖိုင်များ တင်ခြင်းသည် ထောင်ကျနိုင်သည်အထိ ဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတိပေးပြောဆိုခဲ့သည်။
ဖျော်ဖြေမှုအတွက် အကြမ်းဖက်ဖြစ်ရပ် ဗီဒီယိုတစ်ခု ပြုလုပ်ပေးရန် ၄င်းခရီးသွားဧည့်သည်များက တောင်းဆိုခဲ့သည်ဟု အဆိုပါမြန်မာနိုင်ငံသားနှစ်ဦးက ပတ္တယားရဲစခန်းတွင် ဝန်ခံပြောဆိုထားသည်။
ထို့အပြင် ၎င်းတို့ကို ခရီးသွားများထံမှ ငွေညှစ်ရန် ခြိမ်းခြောက်သည့် ထိုင်းဂိုဏ်းဝင်များအဖြစ် ဟန်ဆောင်ခိုင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
ခရီးသွားအဖွဲ့သည် ဓါးစာခံအဖြစ် ဖမ်းဆီးခံရသည့်ဗီဒီယိုဖိုင်ကို ရိုက်ကူးပေးရန်အတွက် ၎င်းတို့ကို ငွေကြေးပေးခြင်းမျိုးမရှိကြောင်း ဖမ်းဆီးခံရသည့်မြန်မာနိုင်ငံသားနှစ်ဦးက ပြောကြားခဲ့သည်။
Sor Thor Ro 5 ရှုခင်းသာတောင်ပေါ်ရှိ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဗီဒီယိုဖိုင်သည် ယမန်နေ့နံနက်ပိုင်းက ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
အဆိုပါ ဗီဒီယိုဖိုင်တွင် အနက်ရောင် ၀တ်စုံဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် အရှေ့အလယ်ပိုင်း ခရီးသွား ၁၀ ဦးကျော်ကို ဒူးထောက်ခိုင်းစေပြီး ခရီးသွားအမျိုးသားတစ်ဦး၏ ဦးခေါင်းကို “ပစ္စတို” ဖြင့် ချိန်ရွယ်ထားသည်ကိုလည်း ပြသခဲ့သည်။
ပစ္စတိုသေနတ်ဟုထင်မြင်အောာင် လုပ်ဆောင်ထားသောအရာမှာ မီးခြစ်တစ်လုံးသာဖြစ်ပြီး ပတ္တရားမြို့ရှိ ကုန်စုံဆိုင်တစ်ခုတွင် အသက် (၂၂) နှစ် နှင့် (၂၅) နှစ်ကြား မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးပြီးနောက် အဆိုပါမီးခြစ်ကို သက်သေအဖြစ် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း သိရသည်။
Source; The Nation