မော်လမြိုင် ဇူလိုင် (၂၇)
ဇူလိုင်လ (၂၄) ရက် မှ (၃၁) ရက်အထိ စားအုန်းဆီ ရည်ညွန်းလက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၄၃၂၀) ကျပ်အထိ မြင့်တက်သွားပြီးနောက် မော်လမြိုင်ဈေးကွက်အတွင်း စားအုန်းဆီ တစ်ပိဿာ ကျပ် (၁၃၀၀၀) ကျော်အထိ ဈေးတက်သွားကြောင်း စားသောက်ကုန်လုပ်ငန်းရှင်များ၏ ပြောကြားချက်များအရ သိရသည်။
ယခင်က စားအုန်းဆီ ရည်ညွန်းလက်ကားဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၁၄၀) ကျပ် မှ ယခု (၄၃၂၀) ကျပ်အထိ မြင့်တက်သွားသည့်အတွက် ဈေးကွက်အတွင်းရှိ စားအုန်းဆီဈေးနှုန်းမှာ ထပ်မံမြင့်တက်သွားခြင်းဖြစ်ကြောင်း စားသောက်ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“ပြီးခဲ့တဲ့ အပတ်လောက်ကတည်းက စားအုန်းဆီက တစ်ပိဿာကို ကျပ်တစ်သောင်းဝန်းကျင်လောက်ဖြစ်နေပြီး။ အခု ဇူလိုင်လနောက်ဆုံးအပတ်အတွက် ရည်ညွန်းလက်ကားဈေးနှုန်းက မြင့်သွားတော့ စားအုန်းဆီဈေးတွေကိုလည်း ထပ်မြင့်ကုန်တယ်။ အခုလက်ရှိ စားအုန်းဆီတစ်ပိဿာကို (၁၃၂၅၀) ကျပ်အထိ ဈေးဖြစ်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယခင်က တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ဝန်းကျင်သာ ရှိခဲ့သည့် စားအုန်းဆီမှာ ရည်ညွန်းလက်ကားဈေးမြင့်တက်လာခြင်းနှင့်အတူ တဖြည်းဖြည်းချင်း ဈေးတက်လာပြီးနောက်၊ လက်ရှိ ဇူလိုင်လဆန်းပိုင်းမှစတင်ကာ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၈၄၀၀) ကျပ် မှ (၁၃၂၅၀) ကျပ်သို့ မြင့်တက်သွားခြင်းဖြစ်ကြောင်း စားသောက်ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။
ထို့အပြင် လက်ရှိမော်လမြိုင်ဈေးကွက်အတွင်းရှိ စားဆီများအနက် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် ပုဇွန်နှစ်ကောင်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ (၅) လီတာတစ်ပုံး လျှင် ယခင်က (၂၀၀၀၀) ကျပ် မှ လက်ရှိ (၂၃၀၀၀) ကျပ်သို့လည်းကောင်း၊ ပဲပိစပ်ဆီမှာလည်း (၅) လီတာတစ်ပုံး လျှင် ယခင်က (၂၅၅၀၀) ကျပ် မှ လက်ရှိ (၂၈၀၀၀) ကျပ်သို့လည်းကောင်း ဈေးတက်သွားကြောင်း သိရသည်။