Kawao News- ဧပြီ (၂၂)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “မြန်မာ့ပြည်တွင်းရေးတွင် မစွက်ဖက်ရေး” မူဝါဒကို ဆက်လက်ကျင့်သုံးသည်ဟု ပြောဆိုသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စစ်ရေး အခြေအနေများတွင် တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။
လက်ရှိ လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) မှ မြန်မာစစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းနှင့် အုပ်ချုပ်ရေး ပုံစံသစ် ချမှတ်ရာတွင် တရုတ်နိုင်ငံ၏ ဦးဆောင်မှုကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။
ကိုးကန့်တပ်များ (MNDAA) မှ လားရှိုးမြို့ကို မြန်မာစစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့်ဟု ယူဆချက်များရှိနေသည်ကို AFP သတင်းဌာနမှ မေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun မှ ယမန်နေ့ (ဧပြီလ ၂၁ ရက်) က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
“တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအစုအဖွဲ့များအား နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရန် မိတ်ဆွေသဘောဖြင့်သာ အကြံပြုဆွေးနွေးပေးလျက်ရှိပါသည်” ဟု Guo Jiakun က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာစစ်တပ်နှင့် MNDAA တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပြီး ယင်းသဘောတူညီချက်အရ လားရှိုးမြို့မှ ကိုးကန့်တပ်များ ဧပြီလ ၂၁ ရက်နေ့တွင် အပြီးအပိုင် ဆုတ်ခွာခဲ့ရသည်။
“တရုတ်၏ ရပ်တည်ချက်နှင့် လားရှိုးအခြေအနေ”
လက်တွေ့တွင် တရုတ်သည် ကိုးကန့်တပ်နှင့် မြန်မာစစ်တပ်အကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန် ကြားဝင်စေ့စပ်ပေးခဲ့သဖြင့် ယမန်နေ့ ဧပြီ ၂၁ ရက်တွင် ကိုးကန့်တပ်များ လားရှိုးမြို့မှ ဆုတ်ခွာခဲ့ပြီးနောက် မြန်မာစစ်တပ်၏ အုပ်ချုပ်ရေးယန္တရား ပြန်လည်အသက်ဝင်လာခဲ့သည်။
ယနေ့ ဧပြီလ ၂၂ ရက် မနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်း ၇၅ စီးသည် မိုင်းရယ်မှ လားရှိုးမြို့တွင်းသို့ ဝင်ရောက်နေသည်။
လားရှိုးအကျဉ်းထောင်မှ ကိုးကန့်တပ်က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများနှင့် အကျဉ်းသားအချို့ကို MNDAA က မနေ့က (ဧပြီ ၂၁ရက်)တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန်စစ်သုံ့ပန်းများကို လောက်ကိုင်ဘက်သို့ ရွှေ့ပြောင်းခဲ့သည်ဟု MNDAA နှင့် နီးစပ်သူတစ်ဦးမှ သိရသည်။
တရုတ်သည် မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရှိရန် ဦးစားပေးခြင်းသည် ၎င်း၏ စီးပွားရေးအကျိုးစီးပွားကြောင့်ဖြစ်သည်။
မူဆယ်-မန္တလေး ကုန်းလမ်းနှင့် ရေနံဓာတ်ငွေ့ပိုက်လိုင်းများကဲ့သို့သော အခြားသော စီမံကိန်းများအား အကာအကွယ်ပေးရန် ရည်ရွယ်ချက်ရှိသည်။
ထို့အပြင် တရုတ်သည် မြောက်ပိုင်းလက်နက်ကိုင်အုပ်စုများအပေါ် ဖိအားများ ဆက်လက်တိုးမြှင့်မည်ဟု အကဲခတ်လေ့လာသူများက ခန့်မှန်းနေကြသည်။
“လားရှိုး၏ အနာဂတ်”
လားရှိုးမြို့၏ အုပ်ချုပ်ရေးပုံစံသစ်တွင် စစ်တပ်နှင့် ဒေသခံအုပ်စုများ ပူးပေါင်းဆောင်ရွက်မည့် မိုဒယ်တစ်ခု ဖြစ်လာနိုင်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
သို့သော်၊ မြန်မာ့နိုင်ငံရေးတွင် တရုတ်၏ ကြားဝင်မှုသည် နိုင်ငံတွင်း နိုင်ငံရေးအင်အားစုများအကြား ဝေဖန်မှုများကို ဖြစ်စေပြီး အထူးသဖြင့်၊ တော်လှန်ရေးအင်အားစုများနှင့် စစ်တပ်ထောက်ခံသူများက တရုတ်၏ လုပ်ဆောင်ချက်များကို သံသယဖြင့် ကြည့်နေကြသည်။
လားရှိုးအရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအတွက် အရေးပါသော အချက်တစ်ခုဖြစ်ပြီး၊ တရုတ်၏ ဒေသတွင်း ဩဇာလွှမ်းမိုးမှုကို ပိုမို၍ ထင်ဟပ်စေသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စစ်ရေး အခြေအနေများ ဆက်လက်ပြောင်းလဲနေချိန်တွင် တရုတ်၏ ကြားဝင်မှုသည် နိုင်ငံတကာ စောင့်ကြည့်သူများ၏ အာရုံကို ဆွဲဆောင်နေဆဲ ဖြစ်သည်။




