Kawao News- ဧပြီ (၂၂)


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးမှ ထွက်ပြေးလာသော စစ်ဘေးရှောင်အား စစ်တပ်က တစ်ဦးလျှင် ၅၀,၀၀၀ ကျပ်နှုန်းဖြင့် ဒဏ်ကြေးငွေ တောင်းခံနေသည်ဟု သိရသည်။
ကော့ကရိတ်မြို့နယ် တောလမ်းများမှတဆင့် ထွက်ပြေးလာသူများသည် စစ်တပ်၏ ပိတ်ဆို့ထားခြင်းမှ ကျော်ဖြတ်နိုင်ရန် တစ်ဦးလျှင် ၅၀,၀၀၀ ကျပ် ဒဏ်ကြေးငွေပေးနိုင်မှသာ သွားခွင့်ရသည်ဟု ပြောသည်။
“မနေ့ (ဧပြီ ၂၁ ရက်) ကတော့ ကော့ကရိတ်မြို့ကနေ တောလမ်းကြောင်းဖြင့် ထွက်လာတဲ့လူတွေမှာ ကလေး၊ လူကြီးအပါအဝင် အယောက် ၅၀ ခန့်ရှိပါတယ်။ မြို့အထွက်မှာ စစ်တပ်နဲ့တွေ့တော့ တစ်ယောက် ကျပ် ၅ သောင်း ဒဏ်ကြေးငွေပေးပြီးတော့ ဖြတ်လာခဲ့ရတယ်၊ မပေးနိုင်ရင် ဖြတ်လို့မရပါဘူး ” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါဒေသ၌ စစ်ရေးပဋိပက္ခအလွန်ရှုပ်ထွေးနေသဖြင့် Kawao News အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။
ဧပြီလ ဒုတိယအပတ်အတွင်းမှစ၍ ကော့ကရိတ်၊ ကျုံဒိုး၊ လေးတိုင်၊ ငါးတိုင်၊ နွားခြံ တို့အပါအဝင် ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ဒေသခံပြည်သူများက စစ်ဘေးရှောင်ရှားရန် ထွက်ပြေးနေရကြောင်း၊ ကော့ကရိတ်မြို့အတွင်း ပိတ်မိနေသော ပြည်သူများကိုလည်း စစ်တပ်က မြို့အတွင်းမှထွက်ခွာခွင့်မပြုဘဲ ပိတ်ဆို့ထားကြောင်း သိရှိရသည်။
ထို့အပြင် တော်လှန်ရေးပူးပေါင်းအဖွဲ့များကလည်း မြို့အချို့ကို ဝန်းရံပိတ်ဆို့ထားကြပြီး၊ စစ်ကောင်စီတပ်ဖွဲ့ကလည်း လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံသတင်းအရင်းအမြစ်များက ဖော်ပြသည်။
လက်ရှိတွင် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ တပြိုင်နက် အရှိန်မြင့်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များက စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများနှင့် စစ်ရှောင်စခန်းများသို့ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်နေသောကြောင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသော ဒေသများသို့ အရေးပေါ်အကြောင်းအရာ မရှိပါက သွားလာခြင်း မပြုရန် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ သတိပေးချက်ထုတ်ပြန်ထားသည်။
Photo credit – ဒေါနခရီးသွား