ကော့ကရိတ်၊ ဧပြီ ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့ကရိတ်နှင့် ကျုံဒိုးမြို့များအား KNU/KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်များက သိရသည်။
ကော့ကရိတ်မြို့ နဘူး–ကော့ကရိတ်လမ်းခွဲအနီးတွင် တည်ရှိသည့် အမှတ်-၁၂ စစ်ဆင်ရေးကွပ်ကဲဌာနချုပ်အနီးဝန်းကျင်၌ ၄ ရက်ဆက်တိုက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခဲ့သည်။
တော်လှန်ရေးထောက်ပို့အဖွဲ့ဝင်တစ်ဦးက “ကော့ကရိတ်မြို့အနီးတဝိုက်ကို စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးနဲ့ ပေါင် ၅၀၀ ဗုံး လေကြောင်းတိုက်ခိုက်ခဲ့တယ်။ မနေ့ည ၁၁ နာရီ ဝန်းကျင်မှာတော့ အာရှလမ်းပေါ်မှာလည်း ဗုံးကြဲမှု ဖြစ်ပွားခဲ့တယ်။ မြေပြင်မှသတင်းအခြေအနေကိုတော့ မသိရသေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည် ဧပြီ ၁၅ ရက်နေ့တွင် KNLA နှင့် မဟာမိတ်တပ်ဖွဲ့များက ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ၏ စကခ-၁၂ ဌာနချုပ်အနီး ရှိ ရင်ကွဲတောင် ကာကင်းစခန်းကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက်၊ စကခ-၁၂ နှင့် တပ်ရင်းခမရ-၅၄၆၊ ခလရ-၉၇ တပ်ဖွဲ့များက မိချောင်းအင်းနှင့် ရန်ကုတ်ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အပြင် ကျုံဒိုးမြို့အနီးရှိ ကျေးရွာများသို့လည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။



ဧပြီ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ နံနက်ပိုင်းအထိ စကခ-၁၂ ဌာနချုပ်ကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုများ ဆက်လက်အရှိန်မြှင့်လုပ်ဆောင်နေကြသည်။
ယင်းတိုက်ပွဲများတွင် ကော့ကရိတ်ဂွင်၊ ကိုးတိုင်နှင့် ရန်ကုတ်ဒေသတို့မှ တပ်ဖွဲ့များပါဝင်လာပြီး တတန်ကူးနှင့် ရွှေကြက်မင်းအထိ စစ်ပွဲဒေသကျယ်ပြန့်လာသည်။
စကခ-၁၂ နှင့် ခလရ-၉၇ တပ်ဖွဲ့များသည် ကော့ကရိတ်မြို့အတွင်းမှ ထွက်ခွာမှုမရှိဘဲ လက်နက်ကြီးများနှင့် ဒုံးကြေးတွဲလိုက်ပစ်ခတ်မှုများ ပြုလုပ်နေပြီး၊ လေကြောင်းမှ Y12 လေယာဉ်ဖြင့်လည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။