ဧပြီ (၂၁)

လားရှိုးမြို့မှာ တရုတ်နိုင်ငံက ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေပြီလို့ သိရပါတယ်။
လူမှုကွန်ရက်တွေမှာ တရုတ်အလံနဲ့ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ လိပ်စာပါ မော်တော်ယာဉ်တွေ လားရှိုးမြို့ကို ရောက်လာနေတဲ့ ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်လာတာကြောင့် လူတော်တော်များများက သတိထားကြပါတယ်။ အဲ့ဒီအဖွဲ့ထဲမှာ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းပါဝင်တယ်လို့ သတင်းထွက်ပေါ်နေသော်လည်း တိတိကျကျ မပြောနိုင်သေးပါဘူး။
လားရှိုးမြို့ထဲမှာတော့ MNDAA အဖွဲ့ဝင်တွေလည်း ဆက်လက်ရှိနေသလို စစ်ကောင်စီရဲ့ ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်တွေကလည်း ဆွေးနွေးမှုတွေအတွက် ရောက်ရှိလာနေကြတယ်လို့ သိရပါတယ်။ ဒီအချိန်မှာတော့ တရုတ်ကိုယ်စားလှယ်အဖွဲ့ရဲ့ ရောက်ရှိမှုဟာလည်း အတည်ပြုနိုင်တဲ့အဖြစ်တစ်ခု ဖြစ်လာပါတယ်။
မနက်ဖန် ဧပြီ ၂၂ ရက်မှာ လားရှိုးမြို့ အုပ်ချုပ်ရေးတာဝန်ကို စစ်ကောင်စီရဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့က ပြန်လည်လက်ခံဖို့ရှိတယ်ဆိုတဲ့ သတင်းမျိုးလည်း ထွက်ပေါ်လာနေပါတယ်။ သို့သော်လည်း အခုချိန်အထိ ဘက်ဘက်က တရားဝင်ထုတ်ပြန်ချက်တစ်ခုမှ မရှိသေးပါဘူး။
တောင်ကြီးမြို့မှာ ရောက်ရှိနေပြီး လားရှိုးမြို့အတွက် တွဲဖက်တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးကတော့ “ကျွန်တော်တို့ဌာနက ဘာမှမသိရသေးဘူး။ ထွေအုပ်တောင် မရောက်သေးဘူးလို့ ကြားတယ်။ လာတဲ့အဖွဲ့တွေက လုံခြုံရေးဆိုင်ရာအဖွဲ့တွေဖြစ်တယ်လို့ပဲ သိရတယ်။ တိတိကျကျတော့ မသိရသေးဘူး” လို့ ပြောလာပါတယ်။
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်မှာ MNDAA အဖွဲ့က သိမ်းပိုက်ရ ရှိကြောင်း ကြေညာခဲ့ပြီးနောက် လားရှိုး မြို့အတွင်းတွင် အုပ်ချုပ် ရေးလုပ်ငန်းတွေကို လုပ်ဆောင် လာခဲ့ပါတယ်။
အဲဒီနောက် MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့မှာ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပါတယ်။

