Kawao News | ဧပြီ ၂၁၊ ထားဝယ်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီး ထိုင်းနယ်စပ်က ၁၀ ကီလိုမီတာအကွာရှိ ထီးထဗျူဟာ စစ်ကောင်စီစခန်း ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်အောင်မြင်ခဲ့ပြီး ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများ အချို့ကို အရှင်ဖမ်းဆီးမိသော်လည်း ဗျူဟာမှူးက ရန်လိုအနေအထားဖြင့် မတ်တပ်ရပ်ခဲ့ခြင်းကြောင့် ရုန်းရင်းဆန်ခတ်အခြေအနေဖြစ်လာခဲ့ပြီး လုံခြုံရေးအရ ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားက ပြောကြားသည်။
စခန်းသိမ်းပြီးနောက် ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်အား အရှင်ဖမ်းဆီးမိခဲ့ရာ၊ ရုန်းရင်းဆန်ခတ်မှုအပေါ် လုံခြုံရေးအရ လက်ဦးမှုယူပြီး ပစ်ခတ်ခဲ့ရကြောင်း၊ ထို့အပြင် ဖမ်းဆီးထားသူတချို့ ထွက်ပြေးချိန်တွင် စစ်ကောင်စီ ရဟတ်ယာဉ်မှလည်း ပစ်ခတ်မှုများရှိခဲ့ပြီး ထွက်ပြေးသွားသူများလုံးလုံး သေဆုံးခဲ့ကြောင်းလည်း ၄င်းက ဆိုသည်။
ထိုတိုက်ပွဲကို KNLA၊ KNDO နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များပူးပေါင်း၍ ဧပြီလ ၁၂ ရက်နေ့မှစ၍ ရှစ်ရက်တိတိ တိုက်ခိုက်ခဲ့ပြီး၊ ၁၉ ရက်နေ့ ညနေပိုင်းတွင် စခန်းအား လုံးဝ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ K-8W ဂျက် ၂ စီး၊ Y-12 လေယာဉ် ၂ စီး၊ Mi-17 ရဟတ်ယာဉ် ၃ စီး တို့ကို အသုံးပြုခဲ့ပြီး တော်လှန်ရေးဘက်တွင် တစ်ဦးကျဆုံး၍ ထိခိုက်ဒဏ်ရာရသူများရှိသည်ဟု သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးများနှင့် RPG၊ MA စီးရီး သေနတ်များအပါအဝင် လက်နက်မောင်းများ၊ မိုင်းများနှင့် ဆက်သွယ်ရေးပစ္စည်းများ စုစုပေါင်းရာနဲ့ချီ သိမ်းဆည်းရရှိနိုင်ခဲ့ကြောင်း KNU သတင်းအရ သိရှိရသည်။
KNU တပ်မဟာ (၄)၊ KNLA တပ်ရင်း (၁၀၊ ၁၂၊ ၂၀၃)၊ KNDO တပ်ရင်း (၇)၊ PDF ထားဝယ်ခရိုင်တပ်ရင်း (၁)နှင့် (၂)၊ TPLF တပ်ဖွဲ့၊ ဒရုန်းတပ်ဖွဲ့များနှင့် လူငယ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်သော စစ်ဆင်ရေးဖြစ်သည်။
လက်ရှိအခြေအနေအရ ထီးထဗျူဟာစခန်းကို စစ်ကောင်စီဘက်မှ ပြန်လည်အခြေချနိုင်ခြင်းမရှိဘဲ၊ တော်လှန်ရေးတပ်ဖွဲ့များကသာ စိုးမိုးထားသည့်အခြေအနေ ဖြစ်နေကြောင်း၊ ထီးထဗျူဟာစခန်း၏ သိမ်းပိုက်မှုသည် ထားဝယ်မြို့အရှေ့ပိုင်းနှင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုနယ်မြေ တိုးပွားလာမှုကို ဖော်ပြနေကြောင်း သုံးသပ်ချက်များရှိနေသည်။