မြန်မာနိုင်ငံမှာ မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ မန္တလေး-စစ်ကိုင်း ငလျင်ကြီးနဲ့အတူ လူသားချင်းစာနာမှုအပေါ် တုံ့ပြန်မှုတရပ်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းအချို့က ယာယီအပစ်ရပ်ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြတယ်။
“ငလျင်ဘေးကူညီရေး” ဆိုပြီး NUG၊ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၊ KIA၊ စစ်ကောင်စီတို့အပါအဝင် အားလုံးက ဧပြီ ၂၂ ရက်အထိ “တိုက်ပွဲတွေ ခဏရပ်မယ် (ဝါ) ဧပြီလ တလုံးလုံးအပစ်ရပ်ကြောင်း ကြေညာခဲ့ကြပေမဲ့ အမှန်တကယ်မှာတော့ တိုက်ပွဲတွေ ပိုများလာတာတွေ့ရတယ်။
ဒီကြေညာချက်တွေက စာရွက်ပေါ်မှာပဲ ကျန်ရှိနေခဲ့တယ်၊ တကယ့်မြေပြင်မှာတော့ တိုက်ပွဲတွေ ပိုပြင်းထန်လာသလို လေကြောင်းတိုက်ခိုက်မှုတွေက တော်လှန်ရေးနယ်မြေတွေထဲမှာထက် ဘုန်းကြီးကျောင်းတွေ၊ ကျေးရွာတွေ၊ အရပ်သားနယ်မြေတွေကိုပဲ ပစ်မှတ်မလွဲ တည့်တည့်ပဲ ပိုပြီးတိကျအောင် ဗုံးကြဲလာတာကို မြင်ရတယ်။
တဖက်မှာလည်း ဘုန်းတော်ကြီးကျောင်းတွေကို မြန်မာ့လေတပ်က ဗုံးကြဲလို့ ပစ်ခတ်တိုက်ခိုက် ကောင်းနေတဲ့အချိန်မှာ သဘာဝဘေး နောက်ဆက်တွဲငလျင်တွေကလည်း စစ်ကောင်စီထိန်းချုပ်တဲ့ နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းတွေမှာ နေစဥ်ဆက်လှုပ်မြဲ လှုပ်ခတ်နေတာ အကြိမ်ပေါင်း ၁၃၅ မကတော့ပါ။
အကုသိုလ်တရားရဲ့ အကျိုးဆက်တွေပွားတာလို့ပဲ ဆိုရလေမလား မပြောနိုင်ပါ။
“သင်္ကြန်ရက်တွေမှာ ကြောက်လန့်စရာ လေကြောင်းတိုက်ခိုက်မှုများ”
သင်္ကြန်အကြို (၁၃ ရက်)၊ သင်္ကြန်အကျ (၁၄ ရက်) နေ့တွေမှာ စစ်ကောင်စီလေတပ်က ဒီပဲယင်း၊ ဝန်းသို၊ မင်းတပ်စတဲ့ကျေးရွာတွေကို ဗုံးကြဲခဲ့တယ်။
ဘုန်းကြီးကျောင်းတွေပေါ် ဗုံးကျပြီး ကိုရင် ၃ ပါး အပါအဝင် ၈ ယောက်သေခဲ့တယ်။ “သင်္ကြန်ရေကစားသံအစား ဗုံးကွဲသံပဲ ကြားနေရတယ်။ ရေစင်မှာ ဗုံးစင်ဖြစ်သွားတာ” လို့ ကျေးရွာတစ်ခုက လူငယ်တစ်ယောက်က မှင်တက်နေတယ်။
ဧပြီလ ၁၅ ရက် သကြႅန်အကြပ်နေ့မှာလည်းပဲ မွန်ရွာဖြစ်တဲ့ ကျုံဒိုးတဖက်ကမ်းက ကမ်းနီရွာကို မြန်မာတိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကို ဗုံးကြဲခဲ့တာကြောင့် မွန်လူမျိုး ဗုဒ္ဓဘာသာဝင် (ကလေးနှင့်လူကြီးများအပါအဝင်) ၆ ဦး သေဆုံးကာ သံဃာတော် ၁၀ ပါးနှင့် လူငယ် ၂၀ ခန့် ဒဏ်ရာရရှိခဲ့တာ အပစ်ရပ်ကြေညာထားတဲ့ ကာလအတွင်းမှာပါ။
သင်္ကြန်ရက်အတွင်း ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်သီလဆောက်တည်ဖို့ လာတဲ့သူတွေ စောစောပြန်ရတယ်။ “လေကြောင်းက ဗုံးကြဲနေလို့ သီလယူပြီးတာနဲ့ ပြေးရတယ်။ ဘုန်းကြီးကျောင်းတွေကို ပစ်နေတာ” လို့ ရွှေဘိုက ကျေးရွာသားတစ်ယောက်က စိတ်ပျက်သံနဲ့ ပြောတယ်။
စစ်တပ်က “စစ်မှန်တဲ့ပစ်မှတ်” လို့ငြင်းပေမယ့် သေနေတာတွေက ကိုရင်တွေ၊ အရပ်သားတွေပါပဲ။
ယာယီအပစ်ရပ်ကြေညာထားတဲ့ ဒီနှစ်သင်္ကြန်အချိန်အတွင်းမှာ လူတွေအမှတ်ရသွားအောင် အထူးတလယ် ဖော်ပြသွားတာကတော့ ဘုန်းကြီးကျောင်းတွေရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုတွေပဲဖြစ်တယ်။
သာမန်သင်္ကြန်မှာ ဥပုသ်ဆောက်တည်တဲ့နေရာတွေ၊ ရေကစားတဲ့နေရာတွေဖြစ်ပေမဲ့ ဒီနှစ်မှာတော့ တိုက်ခိုက်ခံခဲ့ရတာက ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းဝင်းတွေဖြစ်နေတာဟာ စစ်အတွက် ယနေ့မြန်မာနိုင်ငံဟာ ဘယ်နေရာမဆို လုံခြုံရာကင်းမဲ့ ဖြစ်လာပြီဆိုတာကို ပြသပေးနေတာပဲ။
ယာယီအပစ်ရပ်တယ်ဆိုတဲ့စစ်ကောင်စီရဲ့ လော်ဘီတွေ တယ်လီဂရမ်ရေးသားချက်မှာတော့ “အကြမ်းဖက်တွေရဲ့အထွေထွေထိုးစစ် မစခင် တပ်မတော်က လက်ဦးမှု ရယူကြိုတင်ချေမှုန်းနေပါပြီ၊ ကရင်/မွန်ပြည်နယ်က သဘောထားမမှန်တဲ့ KNUနဲ့ အခြားအဖွဲ့များ၊ အကြမ်းဖက် NUG/PDF တွေဟာ ငလျင်ဘေးကြီးကြောင့် ယာယီအပြစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီး ကော့ကရိတ်၊ ကမ်းဘားနီ၊ ဖားချောင်းကိုလာတိုက်တာ ဖိုက်တာအမြောက်၊ ဒရုန်း၊ ခြေလျင်အောပြီးကျွေးလိုက်တာ အလောင်းတွေထပ်ပြီး ပြန်ပြေးခဲ့ရတယ်၊ ဒါကိုမကျေနပ်လို့ မူးယစ်ဆေးဝါးလုပ်နေတဲ့အဖွဲကလည်း နောက်ကွယ်က လူအင်အားထပ်ဖြည့်ကာ KNU တပ်မဟာ ၁/၃ က ဘီးလင်း/ ကျိုက်ထိုအား၄င်း၊ လက်ပြတ်တို့က ကမ်းနီကျုံဒိုး၊ တာပေါတိုက ကော့ကရိတ်၊ အာရှလမ်းကိုတစ်ဖွဲ့၊ ရေးမြို့ကို ADနဲ့ KNU+PDFတွေက ပြိုင်တူစုပြုံအောပြီး တစ်ချိန် တည်းတိုက်ကြပါလိမ့်မယ်။ ဒါကြောင့် တပ်မတော်က လက်ဦးမှုရယူကာ အကြမ်းဖက်တွေစုဖွဲရာနေရာတွေကို ကြိုတင်ချေမှုန်းနေပါပြီ။ မိဘပြည်သူများအကြမ်းဖက် သမားများနှင့်ဝေးရာတွင် သွားရောက်နေထိုင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” လို့ ဝါဒဖြန့်ပြန်ပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို “အကြမ်းဖက်အဖွဲ့တွေ စုဖွဲနေရာတွေပစ်တာ” ဆိုပြီး ဖြေရှင်းဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ မြေပြင်အချက်အလက်တွေကတော့ အရပ်သားသေဆုံးမှုများ၊ ရှောင်ပြေးနေရတဲ့ ပြည်သူတွေ ဆိုတာကို ထောက်ပြနေပါတယ်။
ယာယီအပစ်ရပ်ကြေညာချက်ဟာ စစ်ရေးနောက်ပြန်ဆုတ်ဖို့မဟုတ်ပဲ ကြိုတင်ပြင်ဆင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် တွေ့နေရတာပါ။ အပစ်ရပ်ကာလမှာ မြို့သိမ်းတိုက်ပွဲတွေ ဆက်ရှိနေရတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းမိခံရတာတွေက ပြသပေးနေတာကတော့ – “ယာယီ” လို့ခေါ်ပေမဲ့ တစ်ဖက်စစ်ရေး ကြိုတင်ပြင်ဆင်မှုက တကယ်လားဆိုတဲ့မေးခွန်းပဲ။
အပစ်ရပ်ကြေညာထားတဲ့အချိန်မှာပါ တိုက်ပွဲတွေကြောင့် ကိုရင်အရွယ်ကလေးတွေသေဆုံးခြင်း၊ ဘုန်းကြီးကျောင်းများထိခိုက်ခြင်း၊ ဥပုသ်ဆောက်တည်မရခြင်း၊ ရှောင်ပြေးနေရခြင်း စတဲ့ ဖြစ်စဉ်တွေက ပြည်သူတွေကိုသာ အလေးအနက်အပြင်းထန်ဆုံးအနေဖြင့် ထိခိုက်လာနေကြတာပါ။
မြေပြင်က အဖြစ်အပျက်တွေကတော့ “အပစ်ရပ်မဟုတ်တဲ့ အပစ်ရပ်” ဆိုတာကို ဖော်ပြနေဆဲပဲဖြစ်ပါတယ်။
“အပစ်ရပ်ကာလပြီးရင် ဘာဖြစ်မလဲ”
“ဒီအပစ်ရပ်ကာလပြီးတာနဲ့ တိုက်ပွဲတွေ ပိုဆိုးလာမယ်” လို့ ပြင်ဦးလွင်က ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားတယ်။ ကျေးရွာတွေမှာလည်း “ဆန်အိတ်၊ ဆေးဘူး၊ ဓားတွေ ယူပြီး ချောင်တွေထဲ ရှောင်နေကြပါ” ဆိုတဲ့ သတိပေးစာတွေ ဖြန့်နေရပြီ။
ကရင်လူငယ်တစ်ယောက်က သူ့ရဲ့ Facebook ကနေ တိုက်တွန်းလိုက်တာက “ကျုံဒိုး-ချောင်းဖျား ဘက် ရွာစဉ်တလျှောက်က ကရင်ရွာတချိူ့တွေ မရှောင်ကြသေးဘူး သတင်းကြားတယ်။ အုန်း ဂျိမ်း ဖြစ်မှ ပြေးမခင်ဘူးနော်။ ခုတည်းက ရှောင်ထားကြ။ စားစရာ ဆန်နဲ့ငပိ ၂/၃လစာ သယ်သွား၊ မီးခွက်ထွန်းဖို့ဒီဇယ်၊ ချက်ပြုတ်စားဖို့ အိုးခွက် ခြင်ထောင် ဖျာ ဆေးဝါး မိုးရွာရင်အမိုးအကာတွက် မိုးကာအစ နဲ့ ဓားတွေယူသွား အိမ်စောင့်တဦးချန် ရှောင်ရင်လည်း တရွာနဲ့တရွာလေးပဲကူးပြီး ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့ လူစုလူဝေးနဲ့မနေကြပါနဲ့ ကြဲရင်အဲ့လိုနေရာပဲမလို့ ကျောက်ဂူတွေရှိတဲ့ဘက်ကိုပြေးကြ လုံခြုံအောင်နေ အသက်ထက် ဘာမှအရေးမကြီးဘူး။ ခေါင်းမမာကြပါနဲ့ စိတ်ပူလွန်းလို့ပါ အမျိူးတို့ရေ”လို့ ဆိုပါတယ်။
“စစ်က ဘယ်တော့မှ ငြိမ်းမှာမဟုတ်ဘူး”
ဒီအဖြစ်တွေ သက်သေပြနေတာက “စစ်ကောင်စီရဲ့စကား” ကို ယုံလို့မရဘူးဆိုတာပါပဲ။ ငလျင်ဘေးသင့်သူတွေကို ကယ်တင်ဖို့အစား စစ်တပ်က အရပ်သားပြည်သူတွေကို ပိုပြီးသတ်ဖြတ်နေတယ်။ ပြည်သူတွေအနေနဲ့ စစ်ကို စစ်နဲ့အဆုံးသတ်ဖို့ လမ်းပဲကျန်နေမလားပဲ”
အဆုံးသတ်မှာတော့ – အပစ်ရပ်ဟာ ရှေ့ဆက်လှုပ်ရှားမှုတွေအတွက် နေရာဖွင့်ခြင်းလား၊ အနာဂတ် တိုက်ပွဲတွေကို ပိုပြင်းထန်စေဖို့ ချိတ်ဆက်ထားခြင်းလား ဆိုတာက နိုင်ငံရေးဆွေးနွေးမှုနဲ့ နိုင်ငံတကာဖိအားအပေါ်မှာ မူတည်နေတာပါ။
ကုလအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဂူးတားရက်စ်နဲ့ အထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့တို့ရဲ့ အဆိုအတိုင်းဆိုရင် “ယာယီအပစ်ရပ်ကတိတွေဟာ ရေရှည်ငြိမ်းချမ်းရေးအတွက် တကယ့်အစဖြစ်ဖို့လိုတယ်။”
*မင်းကောင်းဝါ*
၂၀-၄-၂၀၂၅